Thursday, July 27, 2017

မန္တလေးမြို့ရှိ အရက်ချက်စက်ရုံများကို ရှောင်တခင် ၀င်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့် မကိုက်ညီပါက စက်ရုံပိတ်သိမ်းသည်အထိ အရေးယူမည်

မန္တလေးမြို့ရှိ အရက်ချက်စက်ရုံများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့် မကိုက်ညီပါက စက်ရုံပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်များတွင် ဖွင့်လှစ်ထားသည့် အရက်ချက်စက်ရုံကြီးများ၊ ပုလင်းသွတ်စက်ရုံများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ စက်မှုကြီးကြပ်ဌာန၊ ပတ်ထိန်း(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန) စသည့် ဌာနစုံပါဝင်သော အဖွဲ့ဖွဲ့ကာ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သက်မှတ်စံချိန်စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက စက်ရုံပိတ်သိမ်းသည်ထိ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောကြားသည်။

“တရားမ၀င်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေတဲ့ အရက်တွေကိုတော့ သတင်းရရချင်း၊ သိသိချင်းမှာ ၀င်ရောက်စစ်ဆေးပြီး သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူပါတယ်၊ အခုလို အဖွဲ့ စုံဝင်ရောက်စစ်ဆေးတာကတော့ တရားဝင် ဖွင့်လှစ်ထားတဲ့ အရက်ချက်စက်ရုံတွေ၊ ပုလင်းသွတ်စက်ရုံတွေဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုရှိ၊ မရှိ လျှပ်တပြက် ၀င်ရောက်စစ်ဆေးတဲ့ သဘောပါပဲ။ ဒီလိုစစ်ဆေးမှုမျိုးကို နှစ်လတကြိမ်ဖြစ်စေ၊သုံးလတကြိမ်ဖြစ်စေ၊ လုပ်လေ့ရှိပြီး ပထမအကြိမ်စစ်ဆေးတွေ့ရှိရင် ဖောက်ဖျက်တာကလည်း အရမ်းကြီးဆိုးဆိုးဝါးဝါး မဟုတ်ရင် ခံဝန်ကတိထိုး၊ ဒဏ်ငွေရိုက်ပြီး ယာယီပိတ်သိမ်းတာမျိုး၊ ပြင်ဆင်စရာရှိတာမျိုး ပြင်ဆင်ခိုင်းပြီးမှ ပြန်လည်လည်ပတ်ခိုင်းပါတယ်။ အရမ်းကို ဆိုးဆိုးရွားရွား ချိုးဖောက်တာမျိုးတွေ တွေ့ရှိရင်တော့ တခါတည်းပိတ်သိမ်းခိုင်းမှာ ဖြစ်ပါတယ်။ အရက်ချက်စက်ရုံတွေမှာ အဓိကပြဿနာကတော့ ရေဆိုးသန့်စင်စနစ်ပဲ ဖြစ်ပါတယ်” ဟု မန်းစည်ပင်တာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့ရှိ အဓိကအရက်ချက်စက်ရုံကြီး လေးခုအား ယခုနှစ်ပိုင်းအတွင်း ၀င်ရောက်စစ်ဆေးခဲ့ရာ စက်ရုံကြီးလေးရုံအနက် စက်ရုံကြီးသုံးရုံသည် ရေဆိုးသန့်စင်မှုစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိပဲ လည်ပတ်နေခြင်းအား တွေ့ရှိရသည့်အတွက် ယာယီပိတ်သိမ်းထားကာ ရေဆိုးသန့်စင်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှ စက်ရုံဆက်လက်လည်ပတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

မင်းမင်းစိုး (မန္တလေး)
Eleven Media Group

No comments:

Post a Comment