Thursday, July 27, 2017

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်နေရာများအတွက် ခန့်အပ်မည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော် သဘောတူ

နိုင်ငံတော်သမ္မတက ပေးပို့ထားသည့် သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်နေရာများအတွက် ခန့်အပ်မည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၂၆ ရက်တွင် သဘောတူခဲ့သည်။ နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားသည့် ဒုတိယဥက္ကဋ္ဌများစာရင်းတွင် ဦးစိုးမင်း (ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ ဦးစိုးသိန်း (အတိုင်ပင်ခံ၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်)၊ ဦးဘိုဘိုငယ် (ဒါရိုက်တာအဖွဲ့ဝင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်) တို့ဖြစ်သည်။

ထို့ပြင် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဦးကျော်မင်းထွန်း (ဒါရိုက်တာအဖွဲ့ဝင်-မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ ဦးမြင့်သိန်းထွန်း(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဦးစိုးပိုင် (Deputy General Manager-Finance (ငြိမ်း) မြန်မာ့မီးရထား) ၊ ဒေါ်ရီရီဝင်း (ညွှန်ကြားရေးမှူး (ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဒေါ်ခင်မေလှ (ဒုတိယပါမောက္ခချုပ် (ငြိမ်း)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်) တို့ဖြစ်ကြောင်း သိသည်။
ဒုတိယဥက္ကဋ္ဌအဖြစ်လျာထားသည့် ဦးစိုးမင်းသည် စစ်ကိုင်းတိုင်းဒေသကြီးဇာတိ ဖြစ်ကြောင်း၊ ပညာအရည်အချင်းအနေဖြင့် B.Sc(Physic),MBA ဖြစ်ကာ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ဦးစိုးသိန်းသည် ပဲခူးတိုင်းဒေသကြီးဇာတိဖြစ်ကာ ပညာအရည်အချင်းမှာ ဘီကွမ်း၊ အာအေ၊ အာအယ်၊ ဒီအီးပီ၊ ပီဂျီဒီအယ်ဖြစ်ပြီး လက်ရှိတွင် အတိုင်ပင်ခံ (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်) တွင် တာဝန်ထမ်းဆောင်နေကြောင်း၊ ဦးဘိုဘိုငယ်သည် ရန်ကုန်မြို့ဇာတိ ဖြစ်ကာ ပညာအရည်အချင်းအနေဖြင့် B,A(Economic), Ph.D Candidate MA(International Economics & Institute Relations) ဖြစ်ကာ လက်ရှိတွင် ဒါရိုက်တာအဖွဲ့ဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံ တော်စီးပွားရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်၊ နေပြည်တော်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ကိုယ်ရေးအချက်အလက် ဖြန့်ဝေထားမှုအရ သိရသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံခဲ့သော်လည်း ကန့်ကွက်မည့်သူမရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
Eleven Media Group

No comments:

Post a Comment