Wednesday, July 26, 2017

အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမှာ ယခင်အစိုးရချုပ်ဆိုခဲ့သည့် စာချုပ်အရ ၎င်းတို့အစိုးရလက်ထက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ သေချာစိစစ်၍ ဖော်ဆောင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

မန္တလေးမြို့ အမရပူရမြို့နယ် ရှမ်းလေး ကျွန်းဧရိယာဝန်းကျင် မြေဧက ၂၀၀၀ ပေါ်တွင် အကောင်အထည်ဖော်မည့် အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမှာ ယခင်အစိုးရ ချုပ်ဆိုခဲ့သည့်စာချုပ်အရ ၎င်းတို့အစိုးရ လက်ထက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ သေချာစိစစ်ကာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်က ရွှေဂဲကျေးရွာရှိ အမှတ် (၂) ရေဆိုးစွန့်ထုတ်စက်ရုံ လွှဲပြောင်းပေးပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဆောက်လုပ်အကောင်အထည်ဖော်မည့် MBCCD (Mandalay Business Capital City Development) ကုမ္ပဏီမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သဘောတူညီချက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း စတင်အကောင်အထည် ဖော်နိုင်ရန် မြေဧရိယာများ လိုက်လံဝယ်ယူခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းများကို နိုင်ငံတကာ ပညာရှင်များဖြင့် လိုက်လံကောက်ယူခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယခုနှစ် မိုးရာသီကာလ အကုန်တွင် စီမံကိန်း စတင်မည်ဖြစ်ကြောင်း MBCCD ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ပြောကြားသည်။
“ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အရင်အစိုးရက စာချုပ်ချုပ်ဆိုခဲ့တာပါ။ အသံတွေကတော့ မျိုးစုံထွက်နေတာပါပဲ။ ဒါပေမဲ့ အရင်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ နောင်အစိုးရရဲ့တာဝန်ပါ။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ နည်းနဲ့လမ်းနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီရပါမယ်။ ဒါကြောင့် ဒီဖွံ့ဖြိုးရေးစီမံကိန်းကို သေချာစိစစ်ပါတယ်။ အဖွဲ့တွေဖွဲ့ပါတယ်။ ကွင်းဆင်းပြီး သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိခိုက်နိုင်လဲ ဆိုတာကို ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
“ဒီနေရာမှာ ပြောစရာရှိတာ အစိုးရဟာ ဖွံ့ဖြိုးရေး လုပ်တဲ့အခါ စီမံကိန်းဖော်ဆောင်တဲ့ သူတွေနဲ့ ဆက်ဆံရပါတယ်။ မဆက်ဆံလို့ မရပါဘူး။ ဒါကို ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် အစိုးရဟာ ခရိုနီတွေနဲ့ ဆက်ဆံတယ်။ ခရိုနီတွေနဲ့ ဆက်ဆံတယ်လို့ ပြောနေကြတာပါ။ ဖွံ့ဖြိုးရေးစီမံကိန်း မလုပ်ဘဲနဲ့ ဘယ်လိုလုပ် တိုးတက်မလဲ” ဟု ၎င်းက ပြောကြားသည်။
အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ဖော်ဆောင်မည့် MBCCD ကုမ္ပဏီမှာ မြေဧက ၂၀၀၀ ပေါ်တွင် ရင်းနှီးမြှုပ်နှံငွေ ၅၀၀ ဘီလျံ ကနဦး မတည်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး အပိုင်းခုနစ်ပိုင်း ပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“အမရပူရရဲ့ အဓိကရိုးရာထွက်ကုန် တစ်မျိုးဖြစ်တဲ့ ပိုးထည်ချည်ထည်လုပ်ငန်းဇုန် တစ်ခုပါဝင်မယ်။ အရောင်းအ၀ယ် စီးပွားရေးဇုန်ပါမယ်။ ကုန်စည်စီးဆင်းမှုအတွက် ဆိပ်ကမ်းတစ်ခု၊ ဟိုတယ်ဇုန်၊ စားသောက်ဆိုင် ဇုန်တွေနဲ့ လုံးချင်းအိမ်ရာတွေပါမယ်။ ပြီးတော့ ပညာရေးဇုန်တွေဖြစ်တဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျောင်းတွေ၊ နိုင်ငံတကာ ကျောင်းတွေအပြင် ဆေးရုံတွေပါဝင်ပါမယ်။ စီမံကိန်းအနေနဲ့ ဇုန် ခုနစ်ဇုန်၊ အပိုင်းခုနစ်ပိုင်းနဲ့ အကောင်အထည် ဖော်သွားမှာဖြစ်ပြီး မြေယာဝယ်ယူထားမှုက ၆၅ ရာခိုင်နှုန်းလောက် ရရှိထားပါပြီ။ ပြောရရင် ဒီဇုန်တွေမှာ စက်ရုံလုပ်ငန်းတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီစီမံကိန်းတစ်ခုလုံးရဲ့ မြေဧရိယာတွေဟာ သိမ်းဆည်းတာမျိုး မဟုတ်ဘဲ အားလုံးကိုဝယ်ယူ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်” ဟု စီမံကိန်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ဆိုသည်။
“ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုနှစ်မျိုး တွေ့ရပါတယ်။ တစ်မျိုးကတော့ စီမံကိန်းမဖြစ်အောင် စိုးရိမ်နေတာ ဖြစ်ပါတယ်။ အဲဒီလို လူမျိုးတွေ အတွက်တော့ ဘယ်လိုမှ ရှင်းပြလို့ရမှာ မဟုတ်ပါဘူး။ နောက်တစ်မျိုးကတော့ စီမံကိန်းဆိုင်ရာ အချက်အလက်များကို အမှန်တကယ်မသိရှိလို့ ရိုးသားစွာ စိုးရိမ်ကြခြင်း ဖြစ်ကြပါတယ်။ အမရပူရမြို့ပြ စီမံကိန်းဟာ သယံဇာတတွေ ထုတ်ယူသွားမယ့် လုပ်ငန်းတွေလို လုပ်ငန်းအမျိုးအစားတွေထဲမှာ မပါဝင်ပါဘူး။ အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေဟာ သယံဇာတတွေလို ဘယ်လိုမှ သယ်သွားလို့ မရပါဘူး။ ဒီမြေ ဒီဒေသမှာပဲ တည်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စကားနည်းနည်းပြောပြီး မြေပြင်ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု MBCCD ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ဆိုသည်။
မင်းသန့်၊ ရန်ပိုင်
Eleven Media Group

No comments:

Post a Comment