Thursday, July 27, 2017

"ဒီချုပ်နဲ့ ပြည်ခိုင်ဖြိုးတို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအမှုတွေကို တောင်ကြီးမှာ စစ်ဆေးမယ်"

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ဒီချုပ်)နဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး )တို့ရဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ သက်ဆိုင်တဲ့ တိုင်ကြားမှု နှစ်ခုကို လာမယ့် သြဂုတ်လ လဆန်းပိုင်းမှာ ရှမ်းပြည်နယ် ၊ တောင်ကြီးမှာ ခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ သတင်းရရှိပါတယ်။ အဲဒီနှစ်မှုကတော့ ပြည်ခိုင်ဖြိုးရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ကို ဒီချုပ် ကိုယ်စားလှယ်က ကန့်ကွက်ထားတာနဲ့ ဒီချုပ်ရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်က ကန့်ကွက်ထားတဲ့ အမှုတွေပဲဖြစ်ပါတယ်။ ကန့်ကွက်ထားမှုတွေကို စိစစ်တဲ့ အခါမှာ သက်သေတွေ အဆင်ပြေစေဖို့အတွက် ခုလို သွားရောက်စစ် ဆေးမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကန့်ကွက်လွှာ တင်သွင်းမှု ခြောက်ခု ရှိခဲ့ပြီး သုံးခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားနာပြီးနောက် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ပါတယ်။ အခုတောင်ကြီးမြို့မှာ သွားရောက် စစ်ဆေးမယ့် အမှုတွေကတော့ ကန့်ကွက်လွှာ အမှတ် ( ၄) နဲ့ (၅) တို့ဖြစ်ပါတယ်။
ကန့်ကွက်လွှာအမှတ် (၄) က ကျိုင်းတုံမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီချုပ်ရဲ့ ကိုယ်စားလှယ်က ပြည်ခိုင်ဖြိုးရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်ထားတာဖြစ်ပြီး ကန့်ကွက်လွှာ အမှတ်(၅) ကတော့ ညောင်ရွှေမဲဆန္ဒနယ်မှာ အနိုင်ရသွားတဲ့ ဒီချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ကိုယ်စား လှယ်က ကန့်ကွက်ထားတာဖြစ်ပါတယ်။ အဲဒီ့အမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်သက်သေတွေကို စစ်ဆေးပြီးမှသာ ဆုံးဖြတ်ချက်ချ နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီက သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

No comments:

Post a Comment