Thursday, July 27, 2017

မော်လိုက်ခရိုင် အုပ်ချုပ်ရေးမှူးကို အဂတိ လိုက်စားမှုဖြင့် တရားစွဲဆို

စက်မှုဝန်ကြီးဌာန မြေအမည် ပေါက်ကိစ္စနှင့်ပတ်သက်ပြီး ရောင်းသူ မြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိ လိုက်စားပြီး နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မော်လိုက်ခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး(ယခင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး)ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၀/ ၆၃ ဖြင့် တရားစွဲဆိုထားကြောင်း ယင်းတိုင်းတရားလွှတ်တော်ထံမှ စုံစမ်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် နေထိုင်သည့် နစ်နာသူတို့က နိုင်ငံတော်မှ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည့် စက်မှုဝန်ကြီးဌာန မြေအမည်ပေါက် ကိစ္စနှင့်ပတ်သက်၍ ရောင်းချသူ မြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိ လိုက်စားပြီး နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုအပေါ် အရေးယူပေးပါရန် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် တာဝန်ရှိ ပုဂ္ဂိုလ်များထံ တိုင်ကြားခဲ့ခြင်းကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းတိုင်ကြားစာအရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ယခင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်) ဦးပြုံးချိုမှာ ရာထူးတာဝန်ကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွားအတွက် အဂတိ လိုက်စားမှု ကျူးလွန်ခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
“မူလက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တဲ့ Case ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနက အရာရှိတွေ ပါဝင်ပတ်သက်နေတာ ဖြစ်တဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကိုလွှဲပြောင်းပေးပြီး ကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဧပြီလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ညွန့်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြောကြားခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရ အဂတိ လိုက်စားကြောင်း အထင်အရှား ပေါ်ပေါက်သည့်အတွက် ယခု ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဒုတိယရဲမှူးကြီး တစ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦး၊ ပြည်ထဲရေးဝန်ကြီး ဌာနဦးစီးအရာရှိ တစ်ဦးနှင့် မြေပိုင်ရှင်ကိုယ်စားလှယ် လွှဲအပ်ခြင်း ခံထားရသူနှစ်ဦး စုစုပေါင်း ၆ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူနိုင်ရန် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။
“ဗဟန်းတရားရုံးမှာက ဦးပြုံးချိုနဲ့ မြေပိုင်ရှင်က ကိုယ်စားလှယ် လွှဲအပ်ခံရသူ ဦးနေမျိုးထွန်း၊ ခရိုင် ထွေ/အုပ် ဦးစီးအရာရှိ ဦးမျိုးခိုင်တို့ကို ဇူလိုင် ၁၇ ရက်နေ့က အဂတိ လိုက်စားမှုနဲ့ ချုပ်ရမန်ယူသွားတယ်။ လာမယ့် ဇူလိုင် ၃၁ ရက်နေ့ ရုံးချိန်းပေးထားတယ်။ တရားလိုက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ညွှန်ကြားရေးမှူး ဦးစိန်တင်ပါ”ဟု အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းအမှုမှ တရားစွဲဆိုထားသူများအနက် မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဦးပြုံးချိုနှင့် အမှုတွင် ပါဝင်သူအချို့ကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
The Voice

No comments:

Post a Comment