Thursday, July 27, 2017

ရာထူးတိုး မမျှတ၍ တက္ကသိုလ်ဆရာများ ဖဲကြိုးပြာ လှုပ်ရှားမှု ပြုလုပ်မည်

တစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များရှိ ဆရာများ ရာထူးတိုးရာတွင် ဝန်ကြီးဌာနများအနေနှင့် မျှတမှုမရှိဟုဆိုကာ ဖဲကြိုးပြာလှုပ်ရှားမှု ဇူလိုင်လကုန်တွင် တက္ကသိုလ်ဆရာများက စတင် ပြုလုပ်မည်ဖြစ်သည်။ ဆန္ဒပြလှုပ်ရှားမှုအနေနှင့် ဇူလိုင်လ ၃၁ ရက်(လာမည့် တနင်္လာနေ့)မှစ၍ စာသင်ချိန်၊ ကျောင်းတက်ချိန်များတွင် ဖဲကြိုးပြာ တပ်ဆင်မည်ဖြစ်ပြီး ယင်းလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များမှ ဆရာများ ပါဝင်ကြမည်ဖြစ်သည်။ နည်းပညာ တက္ကသိုလ်များတွင် လက်ရှိ သရုပ်ပြရာထူးအဆင့်မှ လက်ထောက်ကထိက၊ ကထိကအဆင့်အထိ ရာထူးတိုးပေးခြင်း မရှိသည့် ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ခန့်ရှိပြီး ရာထူး တိုးပေးရာတွင် ပါမောက္ခ အဆင့်များသာ ပါဝင်ကြောင်း ပြည်မြို့ နည်းပညာ တက္ကသိုလ်၊ သုတနည်းပညာဌာန လက်ထောက်ကထိက ဦးရဲမင်းသိန်းက ပြောကြားသည်။ “ရနိုင်တဲ့အထိ လှုပ်ရှားမှုတွေ လုပ်မယ်”ဟု ဦးရဲမင်းသိန်းက ပြောကြားသည်။

ရာထူးတိုး မမျှတမှုများအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားစာ ပေးပို့ထားပြီး လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများကို မေးမြန်းနိုင်ရန် ရာထူးတိုးခြင်း မခံရသေးသည့် တက္ကသိုလ် ဆရာများက စုရုံးပြင်ဆင်လျက်ရှိသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီး တာဝန်ရှိသူများထံ ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။
နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ သရုပ်ပြ ဆရာများ လက်ထောက်ကထိကရာထူးသို့ ဆယ်စုနှစ် တစ်ခုကြာသည်အထိ ရာထူးတိုး မခံရသည့် ဆရာ အများအပြားပင်ရှိနေပြီး ရာထူးတိုးကိစ္စ ဆရာများကြား သွေးခွဲသည့် သဘော သက်ရောက်နေသည်ဟု ရာထူးတိုးခြင်း မခံရသေးသည့် ဆရာများက ယူဆကြသည်။
လုပ်သက် ၁၅ နှစ်ခန့်ပင် ရှိနေပြီး ရာထူးတိုးပေးခြင်း မခံရသေးသည့် ဆရာများလည်းရှိနေကြောင်း၊ ၎င်းတို့ထက် နောက်ကျ အလုပ်ဝင်သည့် မိမိပင် ကထိကရာထူးဖြင့် တာဝန်ထမ်းဆောင်နေသဖြင့် ရာထူးတိုးမူဝါဒသည် ဦးစီးဌာန၊ ဝန်ကြီးဌာနအလိုက် ကွဲပြားနေကြောင်း ကျောက်ဆည် တက္ကသိုလ် ရူပဗေဒ ဌာနကထိက ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။
“တာဝန်ထမ်းဆောင်တာချင်း အတူတူကို ခံစားခွင့်မှာ နောက်ကျ ကျန်နေခဲ့တယ်”ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဆေးနှီးနွှယ် တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများကို ရာထူးတိုးရာတွင် ခိုင်မာသည့် မူဝါဒမရှိဘဲ ယေဘုယျဆန်ဆန် အကြောင်းဖြင့် ရာထူး တိုးပေးနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)က သဘောထား ထုတ်ပြန်ဝေဖန်သည်။
The Voice

No comments:

Post a Comment