Wednesday, July 26, 2017

မကွေးတိုင်းဒေသကြီးအတွင်း မြစ်ရေပြန်လည် ကျဆင်းသွားသော်လည်း လူဦးရေ ၆၀၀၀၀ နီးပါး ရေကြီးမှု ကြုံတွေ့နေရဆဲဖြစ်ပြီး ကျောင်းသူကျောင်းသား ၃၀၀၀၀ ကျော် ပညာသင်ကြားမှု ရပ်နားထားရဆဲဖြစ်

ဇူလိုင်လဆန်းပိုင်းမှစ၍ ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ ဆက်တိုက်တက်ခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၂၀ ရက်မှစ၍ မြစ်ရေများ ပြန်လည်ကျဆင်း သွားသော်လည်း ဇူလိုင် ၂၅ ရက်အထိ လူဦးရေ ၆၀၀၀၀ နီးပါး ရေကြီးမှု ကြုံတွေ့နေရဆဲဖြစ်ပြီး စာသင်ကျောင်းပေါင်း ၂၄၀ ကျော် ပိတ်ထားရကာ ကျောင်းသူ ကျောင်းသားပေါင်း ၃၀၀၀၀ ကျော် ပညာသင်ကြားမှု ရပ်နားထားရဆဲဖြစ်ကြောင်း တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးနှင့် တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။ မကွေးတိုင်း ပခုက္ကူမြို့တွင် ဇူလိုင် ၁၄ ရက်မှစ၍ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက် ကျော်လွန် ရောက်ရှိခဲ့ကြောင်း မြစ်ရေစတင် ၀င်ရောက်ချိန်မှစ၍ စသင်ကျောင်းပေါင်း ရာနှင့်ချီ ပိတ်ထားခဲ့ရကြောင်း မြစ်ရေ၀င်ရောက်မှုကြောင့် မြစ်နံဘေးဝဲယာရှိ သီးနှံစိုက်ခင်းများလည်း ပျက်စီးခဲ့ပြီး ရေ၀င်ရောက်သည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကျွဲနွားတိရစ္ဆာန်များကို ရေဘေးလွတ်ရာ ကုန်းမြင့်များသို့ ပြောင်းရွှေ့ထားရကြောင်း ဒေသခံများက ဆိုသည်။




မကွေးတိုင်းအတွင်း ဇူလိုင် ၂၁ ရက်မှစ၍ နေ့စဉ်နီးပါး မိုးရွာသွန်းမှုကြောင့် မြစ်ရေကြီးမှု ကြုံတွေ့နေရသည့် ပြည်သူများအတွက် သောက်သုံးရေ၊ အစားအစာနှင့် နွားစာအခက်အခဲများလည်း ကြုံတွေ့လာရကြောင်း မိုးရက်ဆက် ရွာသွန်းနေသောကြောင့် ဆည်များမှ ရေသိုလှောင်နိုင်မှု အခြေအနေကိုလည်း ချောင်းများနံဘေး ၀ဲယာတွင် နေထိုင်သူများက စိုးရိမ်နေကြောင်း သိရသည်။

မင်းဘူးမြို့နယ် ထုံးမကြီးကျေးရွာမှ မြစ်ရေ၀င်ရောက်မှုကြောင့် ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေရသည့် ဒေါ်စမ်းစမ်းအေးက “လူကယ်ပြန်က လူတစ်ဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ ထောက်ပံ့ပေးပါတယ်။ အဲဒီငွေလေးတွေစုပြီး ဆန်ဝယ်စားနေကြရပါတယ်။ သောက်သုံးရေကတော့ ခက်ခဲပါတယ်။ သောက်စရာ မရှိတော့လည်း ဒီရေတွေပဲ သောက်နေရပါတယ်” ဟု ပြောကြားသည်။

မင်းဘူးမြို့နယ် သနပ်ပင်စုကျေးရွာမှ ဦးစိုးဝင်းက “ကျွဲနွားတွေကို ကုန်းမြင့်ပိုင်းတွေမှာ ရွှေ့ထားရတာက ရက် ၂၀ လောက် ရှိပြီဆိုတော့ အဲဒီဒုက္ခကလည်း ကြီးပါတယ်။ စိုးရိမ်ကြောင့်ကျမှုကတော့ ဆည်တွေပါပဲ။ လယ်လုပ်တဲ့ လူတွေကိုလည်း ရေမကျန်မှာ ကြောက်တော့ လွှဲရေကျော်လေးနဲ့ လွှတ်ထားတာပါ။ ဒါတောင်ပဲ အောက်မှာ ရေတွေက တအားများနေတယ်။ အဲဒီမှာ အတော်လေး ထိတ်လန့်နေရပါတယ်။ ဒါကြောင့်မလို့ ဆည်တွေလည်း ဂရုစိုက်ပေးပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်က “ဒီနေ့ (ဇူလိုင် ၂၅ ရက်) အထိ စာရင်းတွေအရ တစ်တိုင်းလုံးမှာ ရေကြီးမှုကြုံ တွေ့နေရတဲ့ အိမ်ထောင်စုက ၁၄၉၅၃ စု ရှိပြီး လူဦးရေ ၅၉၄၂၅ ဦး ရှိပါတယ်။ ရေကြီးမှု ကြုံနေရသူတွေအတွက် ခုနှစ်ရက်စာ ဆန်ဖိုးအဖြစ် တစ်ဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ ထောက်ပံ့မှုတွေပေးခဲ့ပြီး လက်ရှိလည်း ဆက်လက် ပေးအပ်နေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မကွေးတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ထုတ်ပြန်ချက်များအရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာရှိသည့် ပခုက္ကူမြို့၌ ၁၉၂၅ စင်တီ မီတာ၊ စိုးရိမ်ရေမှတ် ၁၄၅၀ စင်တီမီတာရှိသည့် ချောက်မြို့၌ ၁၁၇၅ စင်တီမီတာ၊ စိုးရိမ်ရေမှတ် ၁၇၀၀ မီတာစီရှိသည့် မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၁၄၆၄ စင်တီမီတာနှင့် ၁၄၆၇ စင်တီမီတာ၊ စိုးရိမ်ရေမှတ် ၂၅၅၀ စင်တီမီတာရှိသည့် အောင်လံမြို့တွင်၂၄၀၆ စင်တီမီတာ အသီးသီးရှိကြောင်း သိရသည်။

ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေများ ပြန်လည်ကျဆင်း သွားသော်လည်း ထိုမြစ်များနှင့် ထိုမြစ်များအတွင်း စီးဝင်သည့် ချောင်းများနံဘေးဝဲယာမှ ကျေးရွာများတွင် စာသင်ကျောင်းများ ပိတ်ထားရဆဲဖြစ်ကြောင်း မြစ်ရေ၀င်ရောက်မှုကြောင့် ဇူလိုင် ၂၅ ရက်အထိ ရေစကြို၊ ပခုက္ကူ၊ ချောက်၊ ဆိပ်ဖြူ၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ သရက်၊ ကံမမြို့နယ် ၁၂ ခုတွင် စာသင်ကျောင်းပေါင်း ၂၄၇ ကျောင်း ပိတ်ထားရပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၃၀၄၀၇ ဦးစာ သင်ကြားမှု ရပ်နားထားရကြောင်း သိရသည်။ အဆိုပါ မြို့နယ်များအနက် ရေစကြို မြို့နယ်တွင် စာသင်ကျောင်း အများဆုံး ပိတ်ထားရပြီး ပိတ်ထားရသည့် စာသင်ကျောင်းပေါင်း ၇၉ ကျောင်း ရှိကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သတင်းရရှိသည်။


Writer:
အောင်သူငြိမ်း

No comments:

Post a Comment