Thursday, July 27, 2017

အစိုးရမင်းများ ဖတ်ရန်စာ

ပြီးခဲ့သည့် ရက်ပိုင်းက လူထုကြားတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည့် သတင်းတစ်ခုသည် ဝန်ကြီးချုပ်၊ ပရိုတိုကော၊ ညွှန်ချုပ်နှင့် ကာချုပ်ဆိုသည့် ဝေါဟာရများပါသော သတင်းများဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ပရိုတိုကောအရ ညွှန်ကြားရေးမှူးချုပ်အဆင့် ဖြစ်ကြောင်း ဇူလိုင်ဒုတိယပတ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုပြီးနောက် လူထု၏ စိတ်ဝင်တစားစောင့်ကြည့်မှုနှင့် ဆွေးနွေးငြင်းခုံစရာ အကြောင်းအရာတစ် ခုဖြစ်ခဲ့သည်။ နိုင်ငံရေးအဝန်းအဝိုင်းနှင့် လူထုကြားတွင် ဝန်ကြီးချုပ်စကား မှန်သည်၊ မှားသည် ဝိဝါဒများ ကွဲပြားခဲ့သော်လည်း အဆုံးသတ်က တော့ တစ်ခုသာရှိခဲ့သည်။ ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမြန်ချော ဖြင့် စာပို့တောင်းပန်ခဲ့ရသည်။



ထို့အပြင် ဝန်ကြီးချုပ်၏ မိခင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဝန်ကြီးချုပ်၏ ပြောစကားနှင့်ပတ်သက်၍ သတိပေးဆုံးမခဲ့သည်။

‘‘နိုင်ငံရေးမှာ နှုတ်ကျွံလို့မရဘူး။ လက်လွတ်စပယ်လျှောက်ပြောတဲ့အကျိုးအပြစ်ပေါ့’’ဟု ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက မှတ်ချက်ပြု၏။

လက်ရှိအစိုးရသက်တမ်း တစ်နှစ်ခွဲခန့်တွင် လက်လွတ်စပယ်ပြောစကားများ၊ အလွန်အကျွံပြောစကားများ၊ မဆင်မခြင် ပြောစကားများ ပြောသောဝန်ကြီး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်အမတ် စသဖြင့် များစွာပေါ်ထွက်ခဲ့သည်။

အစိုးရအဖွဲ့ဝင်များ စကားမဆင်ခြင်ခြင်း၊ လက်လွတ်စပယ်ပြောခြင်းသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက သာဓကများစွာရှိခဲ့သည်။ ယခင်အစိုးရလက်ထက်က ရေဘေးဒုက္ခသည် များကို ‘အခုလို ဘာမှမလုပ်ဘဲလှူတာလေးတွေ စားနေရလို့နောက်နှစ် ဒီလိုဖြစ်ပါစေလို့ ဆုမတောင်းကြပါနဲ့’ဟု ပြောသဖြင့် ဝေဖန်မှုများစွာခံခဲ့ရသော ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း၊ ‘တောင်သူများ အကြွေးပြန်ဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့ စားပါ’ပြောသဖြင့် ထမင်းတစ်နပ်စားဝန်ကြီးဟု ပြည်သူများက အမည်ပြောင်ပေးခံရသော လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ‘နယ်လှည့်ပါးရိုက်လာတာကွ’ဟု ပြည်သူအချို့ကို ပြောမိရာမှ ပါးရိုက်ဝန်ကြီးဟုပင် အမည်တွင်ခဲ့ သော မွေး/ရေဝန်ကြီးဟောင်း ဦးအုန်းမြင့်၊ ‘ကျွန်တော့်အနေနဲ့ နောင်ငါးနှစ်သာ ဆက်လုပ်ခွင့်ရရင် စင်ကာပူလိုဖြစ်အောင် လုပ် ပေးမယ်’ဟု ပြောသဖြင့် အဟားခံ ခဲ့ရသော ဧရာဝတီတိုင်းဝန်ကြီး ချုပ်ဟောင်း ဦးသိန်းအောင်တို့၏အဖြစ်ကို သင်ခန်းစာမယူကြပေ။ မြန်မာဆိုရိုးစကားများတွင် ‘စကားများ အမှားပါ’၊ ‘ကြမ်းကျွံနုတ်ရ သည် စကားကျွံနုတ်မရ’၊ ‘စကား စကား ပြောဖန်များ၊ စကားထဲက ဇာတိပြ’စသော ဆင်ခြင်စရာ စကားများစွာရှိသော်လည်း အစိုးရမင်းအချို့ကမူ လူအများရှေ့ ရောက်လျှင် အတားအဆီးမရှိ ပြောနေကြသည်။

ရွေးကောက်ပွဲအပြီး တစ်နှစ် ကျော်အကြာ ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ထားသော ပြည်သူ့အစိုးရလက်ထက်တွင်လည်း အစိုးရအဖွဲ့ဝင်အချို့ထံမှ နားအတွင်း ကန့်လန့်ဝင်သည့် စကားများ၊ ရယ်ရခက်၊ ငိုရခက်စကားများကို ပြည်သူများ ကြားနေရဆဲဖြစ် သည်။

‘‘မထော်မနန်းတွေပေါ့ဗျာ။ ဒီအစိုးရမင်းပုဂ္ဂိုလ်တွေရဲ့ ပေါက်ကရစကားတွေကို သက်သက် ပြက်လုံးပြက်ဖို့ ပွဲတစ်ပွဲတောင် စီစဉ်ထားတယ်’’ဟု နိုင်ငံရေးပြက် လုံးများဖြင့် နာမည်ကြီးသူ မြပုဏ္ဏ မာအငြိမ့်အဖွဲ့ခေါင်းဆောင် ဇာဂနာက ရယ်လျက်ပြောသည်။

အစိုးရအဖွဲ့အတွင်း ၎င်းတို့၏ နှုတ်စည်းမစောင့် ပြောစကားများကြောင့် ပြည်သူ့မေတ္တာခံယူသူများသည် ဝန်ကြီးချုပ်၊ ဝန်ကြီးအဆင့်ကစ၍ အမတ်အထိရှိနေသည်။ ၎င်းတို့၏ ပြောဆိုမှုများကရိုင်းစိုင်းကြမ်းတမ်းသော စကားများ မပါလင့်ကစား ဝေဖန်စရာ၊ဟာသ လုပ်စရာများဖြစ်နေသည်။

‘ဒီနေရာမှာ မီးပြတ်လို့မရဘူး။ ဒါဝန်ကြီးချုပ်လမ်းကြောင်း’ ဆိုသည့် ရှန်ဂရီလာဟိုတယ်တွင် ဝန်ကြီးချုပ်၏ ပြောဆိုမှုသည် လူထုကြား ဝေဖန်စရာဖြစ်ခဲ့ရသည်။ ထို့ အပြင် ဝန်ကြီးချုပ်က ‘ရန်ကုန်မြစ် ကို မြို့လယ်ပို့မယ်’ဟု ကြွေးကြော်ခဲ့ပြီး အဆိုပါစကားမှာလည်း လူထုကြား ဟာသဖြစ်ခဲ့သည်။


ထို့အပြင် ရန်ကုန်မြို့တော် ဝန် ဦးမောင်မောင်စိုးကလည်း ရန် ကုန်တိုင်းဝန်ကြီးချုပ်နှင့်အပြိုင် လူထုကြား ဝေဖန်မှုဖြစ်စေခဲ့၏။ ‘နေချင်စဖွယ် မြေအောက်မြို့တော်အ ဖြစ် ဖန်တီးမယ်။ ဒါကို ကျွန်တော် လုပ်မယ်’ဟု မြေအောက်မြို့တော် တည်ဆောက်မည့် အကြောင်း ပြောဆိုခဲ့ပြီး လူထုကြား အံ့ဩ တကြီးဖြစ်ခဲ့ရသည်။ တိုက်ဆိုင်စွာပင် ထိုကဲ့သို့ ပြောဆိုပြီး မကြာမီ မိုးကာလဖြစ်၍ ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ လူမှုကွန်ရက်သုံးစွဲသူများက ရန်ကုန်တွင် မိုးတွင်းရေကြီးလျှင် ရေအောက်မြို့တော်ဖြစ်နေကြောင်း လှောင် ပြောင်ပြောဆိုခဲ့သေးသည်။

မကြာသေးမီကလည်း မြို့ တော်ဝန်က နောက်ဖေးလမ်းကြား သို့ အမှိုက်ပစ်သည့်အိမ်များကို ဝယ်ယူမည်ဟု သတင်းဌာနများအား ပြောကြားခဲ့သေးသည်။ ထိုစဉ်ကလည်း လူမှုကွန်ရက်တွင်‘သင့်အိမ်ရောင်းမထွက်ဖြစ်နေပါ သလား။ နောက်ဖေးလမ်းကြား တွင် အမှိုက်ချလိုက်ပါ’’ဟု ဟာသ နှော၍ ဝေဖန်ခဲ့ကြသေးသည်။

ထိုကဲ့သို့ လက်လွတ်စပယ် ပြောစကားများအပြင် ဝန်ကြီးအချို့က ယုံကြည်မှုလွန်ကဲစွာပြော သော စကားအချို့ကြောင့်လည်း ဝေဖန်ခံခဲ့ရသည်များရှိသေးသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ‘‘မြန်မာသည် အာရှကျားတင်မဟုတ် ဂေါ်ဇီလာ ပါဖြစ်နိုင်သည်’’ဟု ကုန်သည်စက် မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်ခဲ့သည့် ကုန်သည်များနှင့် တွေ့ဆုံ ပွဲတွင် ပြောဆိုခဲ့သည်။

ဧရာဝတီဝန်ကြီးချုပ် မန်း ဂျော်နီကလည်း ‘ဧရာဝတီတိုင်းထဲက မြို့ကြီးခြောက်ခု။ ဒါကိုဖြတ်ပြီး မိုးပျံလမ်းဆောက်မှာ။ ဒါကို အခု ဆောက်လုပ်ရေးဝန်ကြီး သွားတိုင်းနေပြီ’ဟု လွန်ခဲ့သည့် တစ်နှစ်ခန့် က ပြောကြားခဲ့သေးသည်။ ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့စီးပွားရေး ဂျက်ပါဝါဖြင့် တက်တော့မည်ဟု ‘ဒီနှစ် ၂၀၁၇ ကတော့ ဂျက်လေယာဉ်ကြီးလိုပဲ တစ်ရှိန်ထိုး ပျံသန်းပါတော့မယ်’ ဟုဇွန်လ ၆ ရက်က ပညာရပ်ဆိုင်ရာပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ဝန်ကြီးအချို့၏ ပြောကြားချက်များသည် သီအိုရီအရ ဖြစ်နိုင်သော်လည်း လက်ရှိအခြေအနေနှင့် ကွာဟလွန်းသဖြင့် ဝေဖန်မှုကြုံရခြင်း ဖြစ်၏ ။

ထို့အပြင် ဝန်ကြီးတစ်ဦး၏ ပြောစကားကြောင့် ထူးခြားဖြစ်စဉ် တစ်ခုလည်း ဖြစ်ပေါ်ခဲ့သေးသည်။ သယံဇာတဝန်ကြီး ဦးမင်းကြည်က မွန်ပြည်နယ်အတွင်း ဖြစ်စဉ်တစ်ခု ကို ဖြေရှင်းနေစဉ် ရွာသားတစ်ဦး ကို ‘အေး... မကျေနပ်ရင် တိုင်နဲ့ ခေါင်းဆောင့်’ဟု ပြောကြားခဲ့ပြီး ရွာသားကလည်း အရွဲ့တိုက်ကာ တိုင်နှင့်ခေါင်းကိုပြေး၍ ဆောင့်သ ဖြင့် ခေါင်းကွဲခဲ့သည်။

ထိုသို့ ဖြစ်စဉ်များက ဒီချုပ် အစိုးရသက်တမ်း တစ်နှစ်ကျော် အတွင်း ထင်ရှားသော ဖြစ်စဉ်များ ဖြစ်၍ အခြားသော အဆီအလျော် မတည့်သည့် ပြောစကားများ လည်း ကြားရသေးသည်။

ယခင်ဦးသိန်းစိန်လက်ထက် ဝန်ကြီးဟောင်းများ ထိုကဲ့သို့ နှုတ် စည်းကမ်းမရှိပြောဆိုစဉ်က ဝေဖန်သူများစွာရှိခဲ့ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကိုယ် တိုင်က လှောင်ပြောင် ဝေဖန်ခဲ့ သည်။ လက်ရှိတွင်တော့ သမိုင်း တစ်ပတ်ပြန်လည်လာပြီဟု ယခင် လွှတ်တော်အမတ်ဟောင်း ဦးလှ ဆွေက ပြောသည်။ ‘‘လေကြီးနေ တဲ့သူတွေ အကုန်လုံးထုတ်ပစ် သင့်တယ်’’ဟု ဘူးလက်လှဆွေဟု လူသိများသူ ဦးလှဆွေက ပြော သည်။ ဦးလှဆွေအပါအဝင် NLD အစိုးရ၏ အတိုက်အခံပုဂ္ဂိုလ်များ သည် အစိုးရအဖွဲ့ဝင်များ၏ လက် လွတ်စပယ်စကားများကို မကြာ ခဏဝေဖန်လေ့ရှိသည်။

ထို့အပြင် ယခုကဲ့သို့ အစိုးရ အဖွဲ့ဝင် ပုဂ္ဂိုလ်အချို့ နှုတ်စည်းမစောင့်ဘဲ အဆီအငေါ်မတည့် စကားများပြောဆိုခြင်းကို အစိုးရအဖွဲ့ဝင်အချင်းချင်း မကြိုက်ကြ သူများလည်း ရှိနေသည်။

အစိုးရ အဖွဲ့ဝင်များအနေ ဖြင့် ပြည်သူများသို့ သတင်းစကား ပေးရာတွင် ယေဘုယျဆန်ဆန်နှင့် ဟာသဆန်ဆန် သတင်းစကားမျိုး မပေးသင့်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက သုံး သပ်သည်။ ‘‘သူတို့က အဲဒီလိုမျိုး တွေ ပြောနေတော့ အကျိုးဆက် က ပြည်သူတွေ ဟားမှာပေါ့ဗျာ။ ဟားမှာပေါ့။ အခုတောင် ဟားနေ ကြပြီ’’ဟု ဖြစ်လာနိုင်သည့် အကျိုး ဆက်ကို ၎င်းက ထောက်ပြသည်။ ဦးကျော်ဇေယျသည် မကြာသေးမီ က အစိုးရကို ဝေဖန်သောကြောင့် ထုချေလွှာတင်ရန် ဒီချုပ်ပါတီ တွင်း သတိပေးခံခဲ့ရသူဖြစ်သည်။

ထို့အပြင် အစိုးရအဖွဲ့ဝင် အချို့၏ ပြောဆိုမှုများထဲတွင် နှုတ်စည်းမစောင့်သည့်စကားများအ ပြင် လူထုကို ကြိုတင်ကတိခံသည် များလည်း ရှိခဲ့သည်။ အတိအကျ ကတိခံပြီးမှ မဖြစ်လာသည့်အခါ လူထုကြားတွင်လည်း ဝေဖန်စရာ ရှိလာခဲ့သည်။


ထို့ကြောင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် ပြောဆိုလုပ်ကိုင်သည့်နေရာတွင် အကြောင်းအကျိုးညီညွတ်ရန် လိုအပ်ပြီး အစိုးရအဖွဲ့ဝင်များ၏ အပြောနှင့်အလုပ် တခြားစီဖြစ်ပါက ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်မှုကျဆင်း လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်သည်။ ‘‘အစိုးရအပေါ်မှာ ပြည်သူလူထုက ယုံကြည်မှုအ ပြည့်အဝရှိဖို့လိုအပ်တယ်။ အစိုးရအဖွဲ့ဝင်တွေက အဲဒီလိုမျိုးတွေ ပြောနေရင် ပြည်သူလူထုရဲ့ အစိုး ရအပေါ် ယုံကြည်မှုကျဆင်းတယ် ဆိုတဲ့အနေအထားကို တွန်းပို့ရာ ရောက်တယ်’’ဟု ၎င်းက ဆိုသည်။

အစိုးရအဖွဲ့ဝင်များ၏ ထိုကဲ့သို့ ပြောစကားများအပေါ် အချင်းချင်း ထိန်းကျောင်းသွားရန်လိုအပ်ပြီး အရေးယူခြင်းများလည်း ပြု လုပ်သင့်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်စိုး က ပြောသည်။

ဦးအောင်စိုးသည် ယခင်အစိုးရလက်ထက်တွင်လည်း လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကာ နယ်လှည့်ပါးရိုက်မည် ဟုပြောဆိုခဲ့သော ဝန်ကြီးဦးအုန်းမြင့်ကို အရေးယူရန် လွှတ်တော်၌ အရေးကြီးအဆိုတင်သွင်းခဲ့သူ ဖြစ်သည်။

‘‘ကျွန်တော် ကြည့်ရသ လောက်တော့ ရိုင်းစိုင်းတဲ့ စော်ကားတာမျိုးတွေ မရှိဘူးပေါ့နော်။ ဒီလိုမျိုးတွေရှိရင်တော့ အရေးယူ မှာပါ။ ပြည်သူကိုလည်းတောင်းပန်ခိုင်းမှာပါ’’ဟု ၎င်းကပြောသည်။

လက်လွတ်စပယ်ပြောဆိုမှုများနှင့် စိတ်နောက်ကိုယ်ပါပြောဆိုမှုများအတွက် ကာယကံရှင်ပုဂ္ဂိုလ်များတွင်တာဝန်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ခ)အရ ပြည်ထောင်စုဝန်ကြီးများကို သမ္မတကခန့်အပ်ခြင်းဖြစ်၍ သမ္မတတွင် တာဝန်ရှိကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

လက်ရှိ တစ်နှစ်အတွင်း ဖြစ်စဉ်များတွင် အဆီအငေါ်မတည့် သော ပြောစကားများအတွက် ပြည်သူကို တောင်းပန်ခြင်း မရှိ သေးပေ။ နိုင်ငံတကာတွင် မိမိပြောစကားကြောင့် နုတ်ထွက်ခဲ့သည့် အစိုးရအဖွဲ့ဝင်များစွာရှိသည်။ အနီးစပ်ဆုံးအနေဖြင့် ဂျပန်ပြန်လည်ထူထောင်ရေးဝန်ကြီး Masahiro Imamura က နမူနာဖြစ်သည်။ ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့စဉ်က ‘တိုကျိုမှာ ငလျင်မလှုပ်ဘဲ တိုဟိုကုမှာ ငလျင်လှုပ်သွားတာကောင်း တာပဲ’ဟု စကားမှား ပြောဆိုခဲ့ သည်။ ထိုစကားအတွက် အဝေဖန်ခံခဲ့ရသည်။ ထို့နောက်တွင်တော့ ရာထူးမှနုတ်ထွက်သွားခဲ့ရသည်။

မြန်မာနိုင်ငံတွင်တော့ ထိုကဲ့ သို့ဖြစ်စဉ်မျိုး မရှိသေးပေ။ သို့သော် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မွေး/ရေဝန်ကြီး တာဝန်ယူခဲ့သော ဦးအုန်းမြင့်က ၎င်း၏ နယ်လှည့်ပါးရိုက်ခဲ့သည်ဆိုသော စကား ကြောင့် ပြည်သူများကို ပြန်လည် တောင်းပန်ခဲ့ဖူးသည်။ ထိုစဉ်က ဝေဖန်မှုများစွာကြုံတွေ့ခဲ့ရသော ဦးအုန်းမြင့်သည် လက်ရှိအချိန် တွင်တော့ နှုတ်စည်းမစောင့်ခြင်း ၏ အကျိုးအပြစ်ကို နားလည်နေပြီ ဖြစ်၏။

‘‘စကားတွေက ဓားလိုပဲ နှစ် ဖက်အသွား ရှတဲ့အခါကျတော့ ကိုယ်လည်းခံရတယ်။ အမာရွတ် တွေဖြစ်တာပေါ့။ ဒါ ကိုယ့်ဘဝမှာ အမာရွတ်တွေဖြစ်ခဲ့တာပေါ့။ အခု လူတွေလည်း ဒီလိုပေါက်ကရတွေ ပြောနေကြတယ်ဆိုတာ သူတို့ ကိုယ်တိုင်ပဲ နောက်ကျတော့ သိ လာပါလိမ့်မယ်’’ဟု ဦးအုန်းမြင့်က အတွေ့အကြုံမှရသော သင်ခန်းစာကို 7Day News ဂျာနယ်အား ပြောသည်။

ထို့ပြင် အစိုးရဌာနများတွင် လူထုဆက်ဆံရေးအရာရှိများ၊ ပြန်ကြားရေးအရာရှိများမရှိခြင်း ကြောင့်လည်း အဆိုပါ ပြဿနာ များဖြစ်ရသည်ဟု လူမှုဆက်ဆံ ရေးကျွမ်းကျင်သူများက ထောက် ပြကြသည်။ သို့သော် အစိုးရအဖွဲ့ ဝင်များ လူမှုဆက်ဆံရေး (Public Relations)ကို သေချာနားလည် ဟုလည်း အများစုက သုံးသပ်ကြ သည်။

အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်များ အနေဖြင့် ပြောလည်းပြောချင်၊ ပြောလည်း မပြောတတ်ဖြစ်နေ သည်ဟု  Public Relation နယ်ပယ်တွင် ရှစ်နှစ်ကျော်လုပ်ကိုင်နေသည့်  ကိုစတီဗင်ကျော်က ပြောသည်။

‘‘လူကြားပြောဖို့ဆိုဖို့ ပြောရ တော့မယ်ဆို ပြင်ဆင်တာမျိုးလည်း မရှိဘူးထင်တယ်။ အခုလူ တွေက သိလည်းသိတယ်။ ပြောလည်း ပြောချင်တယ်။ ဒါပေမဲ့ စကားပြောတဲ့အတတ်ပညာကလည်း မရှိတော့ လူထုကြားထဲ တလွဲတွေပဲ ရောက်ကုန်တယ်’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ကျမ်းစာသင် ကျောင်းတွင် လူမှုဆက်ဆံရေးဘာသာကို အထူးပြုသင်ကြား သည့် အငြိမ်းစားဆရာဒေါက်တာ ဝင်းနိုင်သော်ကလည်း အစိုးရမင်း များအနေဖြင့် လူမှုဆက်ဆံရေး ပညာကို လျှော့ပေါ့ပြီး မတွက် ထားကြရန် အကြံပြုသည်။

‘‘အခု လူတွေနဲ့ အရင်လူတွေ နဲ့ကွာတာ ဒီလူတွေက ငါတို့က အမှန်တွေ။ ငါတို့ ဒီလိုအနစ်နာခံ ရပ်တည်ခဲ့တာဆိုပြီး ကိစ္စတစ်ခုကို စွတ်စွတ်ပြောချင်တယ်။ ဒါက ရပ် ကွက်ထဲမှာ ရမယ်။ နိုင်ငံတော်အ ဆင့်မှာမရဘူး။ ကိုယ်စကားပြော တာ ပေါက်ပန်းဈေးတွေပါနေလား ကိုယ်သိရမယ်။ ပြင်ဆင်ရမယ်’’ ဟု ဒေါက်တာဝင်းနိုင်သော်က ဆိုလေသည်။ ဟိန်းသာလင်းဟိန်း

No comments:

Post a Comment