Monday, July 17, 2017

ပြည်ခရိုင်တွင်း စပါးနှင့် အခြားသီးနှံစိုက်ခင်း ဧက လေးထောင်ကျော် ရေဝင်နစ်မြုပ်

ပြည်ခရိုင်အတွင်း စပါးနှင့် အခြားသီးနှံစိုက်ခင်း ဧကလေးထောင်ကျော်မှာ မိုးရွာသွန်းမှု၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဝင်နစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း ပြည်မြို့အခြေစိုက် ဒုတိယတိုင်းစိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရှိရသည်။ ဇွန်လအတွင်းမှ စတင်ကာ ပြည်မြို့နှင့် သဲကုန်းမြို့များတွင်အဆက်မပြတ်မိုးရွာသွန်းမှုများနှင့်အတူ စပါးခင်းများ၊ စိုက်ခင်းများရေ၀င်နစ်မြုပ်ခဲ့ပြီး ပန်းတောင်းမြို့နှင့် ရွှေတောင်မြို့တို့တွင် ဇူလိုင်လမှ စတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်မှုများနှင့် အတူ ရေဝင်ရောက်မှုများရှိလာကြောင်း သိရသည်။ “ရေဝင်တဲ့နေရာတွေကတော့များလာပြီ။ ပျက်ဆီးမှုစာရင်းကတော့ တိတိကျကျရအောင်လို့ ဌာနကနေ ကွင်းဆင်းစာရင်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။ ရလာတဲ့စာရင်းတွေကိုတော့ အထက်အဆင့်ဆင့်ကို ပြန်လည် တင်ပြသွားမှာပါ။”ဟု အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်ကပြောသည်။
ရေဝင်နစ်မြုပ်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများလည်းရှိခဲ့ပြီး ရေကျသွားလျှင် ပြန်လည်စိုက်ပျိုးရသော စိုက်ခင်းများလည်းရှိသောကြောင့် စိုက်ပျိုးစရိတ်များ ပိုမိုကုန်ကျခြင်း၊ ရေဝင်မှုများကြောင့် အထွက်နှုန်း လျော့ကျခြင်းတို့မှာ တောင်သူများ၏ အဓိကအခက်အခဲဖြစ်ပြီးပျက်ဆီးဆုံးရှုံးများပြားသော တောင်သူတစ်ချို့မှာ စိုက်ပျိုးစရိတ်ချေးငွေကိုပင် ပြန်လည်ပေးဆပ်ရန်ခက်ခဲ့ကြောင်း သဲကုန်းမြို့နယ်တွင်းရှိ တောင်သူတစ်ချို့က ဆိုသည်။




"အခုနေတော့ စိုက်တာပဲ နှစ်ထပ်ရှိနေပြီ။ အဲဒီတော့ ငွေအင်အားကမတတ်နိုင်တော့ဘူး။ နောက်ထပ် ပြန်စိုက် လည်းပဲ နောက်ကရေက စိတ်မချရဘူး။ ဒီနှစ်ကအဆိုးဆုံးပဲ။”ဟုသဲကုန်းမြို့နယ် အုတ်တွင်းကုန်း ကျေးရွာမှ တောင်သူ ဦးကျင်မောင်က ပြောသည်။ ယခင် ၂၀၁၆ ခုနှစ် ရေကြီးကာလကအတွင်းကမူ လယ်ယာမြေ ပျက်ဆီးဆုံးရှုံးမှုများ အပါအဝင် ရေမြုပ်၊ ရေဝင်၊ မှုစာရင်းမှာ ပေါင်းတည်မြို့နယ်တွင် ဧက (၁၁၀၀၀)ကျော်၊ သဲကုန်းမြို့နယ်တွင် ဧက(၁၀၀၀၀)ကျော်၊ ရွှေတောင် မြို့နယ်တွဧက (၉၀၀၀)ကျော်၊ ပြည်မြို့နယ်တွင် ဧက(၆၀၀၀)ကျော်၊ပန်းတောင်မြို့နယ်တွင် ဧက (၁၀၀၀)ခန့်ဟု ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်အခြေအနေမှာ ရေကြီး၊ ရေလျှံကာလအစပိုင်းသာရှိသေးပြီး ယခုထက်မြစ်ရေ ဆက်လက် မြင့်တက်လာ ပါက စပါးနှင့် အခြားသီးနှံစိုက်ခင်းများ ထံမံရေလွှမ်းခံရမည့်အခြေအနေများလည်း ရှိနေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။


သီဟလွင် (မြစ်မခ)

No comments:

Post a Comment