Thursday, July 27, 2017

အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် ဒေသအချို့ မိုးသည်းထန်နိုင်

အပူပိုင်းမုန်တိုင်း SONCA ၏ အရှိန်ကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ အဆိုပါမုန်တိုင်းသည် ဗီယက်နမ် ကမ်းခြေကိုဖြတ်ကျော်ပြီးနောက် အနောက်မြောက်ယွန်းယွန်းသို့ ဆက်လက် ရွေ့လျား ကာ ထိုင်းနိုင်ငံ အရှေ့ပိုင်းကို ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း ၎င်းက ခန့်မှန်းထားသည်။ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးအား ပိုလာနိုင်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်းတို့တွင် နေရာကွက်၍ မိုးသည်းထန်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင်မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တို့တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့် နှင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ခုနစ်ပေမှ ကိုးပေခန့် အထိရှိနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
The Voice

No comments:

Post a Comment