Monday, July 17, 2017

ဧရာဝတီ၊ချင်းတွင်းနဲ့ င၀န်မြစ်တွေမှာ မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီ

ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ်နဲ့  ငဝန် မြစ်တွေမှာ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်နေတာကြောင့် မြစ်ကမ်းအနီးနဲ့  မြေနိမ့်ပိုင်းမှာနေထိုင်သူတွေအနေနဲ့  အထူးသတိပြုနေထိုင်ကြဖို့  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းကြေညာလိုက်ပါတယ်။ ဒါ့အပြင် သံလွင်မြစ်ရေဟာလည်း ကရင်ပြည်နယ်ဘားအံမြို့ အနီးမှာ စိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့  က တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့ မှာ ၁ ပေခန့် ၊ ညောင်ဦးမြို့မှာ ၂ ပေခန့် ၊ ဟင်္သာတမြို့မှာ ပေဝက်ခန့် နဲ့  ဇလွန်မြို့နဲ့  ၁ စင်တီမီတာခန့် အသီးသီးကျော်လွန်နေပါတယ်။

နောက်(၁)ရက်အတွင်း ပခုက္ကူမြို့မှာ (၂)လက်မခန့်နဲ့  ညောင်ဦးမြို့မှာ (၃)လက်မခန့် ဆက်လက်တက်လာနိုင်ပြီး ဧရာဝတီမြစ်ရေဟာ ညောင်ဦး၊ ပခုက္ကူစတဲ့ မြို့ တွေရဲ့  စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့  သိရပါတယ်။
ဒါ့အပြင် ဟင်္သာတမြို့ နဲ့  ဇွန်မြို့ တွေမှာလည်း နောက်(၃)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ပြီး အဲသည်မြို့တွေရဲ့  စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးမှာ လူဦးရေ သုံးသောင်းနီးပါး ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပြီး အခြေခံပညာစာသင်ကျောင်း ၁၂၈ ကျောင်း ယာယီပိတ်ထားရပါတယ်။
ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် မကွေးမြို့ နယ်၊ ချောက်မြို့ နယ်၊ ရေနံချောင်းမြို့ နယ်၊ မင်းဘူးမြို့ နယ်၊ ပခုက္ကူမြို့ နယ်၊ ပွင့်ဖြူမြို့ နယ်တွေမှာ ရေကြီးနစ်မြုပ်နေတာဖြစ်ပြီး ရေဘေးသင့်လူဦးရေစာရင်းက ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့  မကွေးတိုင်းဒေသကြးအစိုးရအဖွဲ့ ဆီက သိရပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ မှာ ၁ ပေခန့် ၊ ကနီမြို့မှာ ပေဝက်ခန့် ၊ မော်လိုက်မြို့မှာ ၅ ပေခန့်၊ ကလေးဝမြို့မှာ ၄ ပေခန့်နဲ့  မင်းကင်းမြို့မှာ ၄ ပေခွဲခန့် ၊ မုံရွာမြို့မှာ ၂ ပေခန့် ရှိနေပြီး အဲသည်မြို့ စိုးရိမ် ရေမှတ်အထက်ကို အသီးသီးကျော်လွန်နေတယ်လို့  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
နောက်(၂)ရက်အတွင်း မော်လိုက်မြို့၊ ကလေးဝမြို့ နဲ့  မင်းကင်းမြို့တွေမှာ မြစ်ရေ (၃)ပေခန့်စီ ကျဆင်းနိုင်မှာဖြစ်ပေမယ့် အဲသည်မြို့တွေရဲ့  စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
ဧရာဝတီနှင့် ချင်းတွင်း မြစ်ရေဆက်လက်မြင့်တက်နေပြီး စိုရိမ်ရေစိုးရိမ်ရေမှတ်အ ထက် ရောက်နေတာကြောင့် မြစ်ကမ်း ဘေးတစ်လျှောက်ရှိ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ် မှုရင်ဆိုင်နေရပါတယ်။
မြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဒေသ ပိုမိုများပြား နေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့ လူဦးရေ ၁၇,၀၀၀ ကျော်ဟာ ရေဘေးရင်ဆိုင် နေရတယ်လို့  လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငါး သိုင်းချောင်းမြို့မှာ လည်း င၀န်မြစ်ရေဟာ စိုးရိမ်ရေ မှတ်အထက်ကို တစ်ပေခန့် ကျော် လွန်နေ ပြီး သာပေါင်းမြို့ နယ်မှာလည်း စိုရိမ်ရေမှတ်အနီးရောက်ရှိနေပါတယ်။
ဇူလိုင် ၁၆ ရက် နေ့လယ် ၂ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ မှာ စိုးရိမ်ရေမှတ်အောက် တစ် ပေခန့် ရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့  သတိပြုနေထိုင်ကြဖို့ ကိုလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
နောက် နှစ် ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့  သိရပါတယ်။ သံလွင် မြစ်ရဲ့  စိုးရိမ်ရေမှတ် ဟာ ၇၅၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့လယ် ၁၂ နာရီခွဲ အချိန်တိုင်းတာ ချက်အရ ၇၂၆ စင်တီမီတာကို ရောက်ရှိနေပြီဖြစ်ပါတယ်။
သံလွင်မြစ်ရေ ဝင်ရောက် ပါက ဘားအံမြို့ပေါ် မှာ ရေကြီးနစ်မြုပ်မှုရင်ဆိုင်ရနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့  မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့  အထူးသတိပြုနေထိုင်ကြဖို့ ကိုလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။
ချမ်းသာ
Kumudra

No comments:

Post a Comment