Thursday, July 27, 2017

ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာ၌ နေထိုင်သည့် အစ်မဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်၍ ၁၆ နှစ် အကြာတွင် ညီမဖြစ်သူက လူသတ်မှုဖြင့် တိုင်တန်းခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား ပခုက္ကူခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာတွင် နေထိုင်သည့် အစ်မဖြစ်သူ သေဆုံးမှုနှင့် ပက်သက်၍ ၁၆ နှစ်အကြာတွင် ညီမဖြစ်သူက လူသတ်မှုဖြင့် တိုင်တန်းခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား ပခုက္ကူခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ တရားလို မစိုးမိုးခိုင်က ၂၀၀၀ ခုနှစ် ဧပြီလအတွင်းက အစ်မဖြစ်သူ မအေးဆွေ သေဆုံးရခြင်းမှာ ၎င်း၏ညီမ၀မ်းကွဲ တော်စပ်သူ မမြင့်မြင့်ခိုင်၏ ခင်ပွန်းကိုဖိုးပေါက် (ခ) ၀င်းသန်း (၄၅နှစ်) မှ ထွန်ခြစ်ဖြင့် ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ပခုက္ကူမြို့မရဲစခန်းတွင် ယခုနှစ် ဇန်န၀ါရီ ၇ ရက်က အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

တရားလိုပြုလုပ် တိုင်တန်းသူ မစိုးမိုးခိုင် (၄၉ နှစ်) က ၎င်းသည် ၁၉၈၆ ခုနှစ်တွင် ပခုက္ကူမြို့နယ်၊ ရွှေပေးကျေးရွာမှ ရွှေ့ပြောင်းခဲ့ကြောင်း၊ မြောင်းမြမြို့တွင် နေထိုင်လျက်ရှိစဉ် ၂၀၀၀ ခုနှစ် ဧပြီလခန့်က အစ်မဖြစ်သူ မအေးဆွေ (သေဆုံးစဉ် အသက် ၃၈ နှစ်) သည် မကျီးပင်ပေါ်မှ ပြုတ်ကျသေဆုံးသည်ဟု ကြားသိခဲ့ပြီး သာမာန်သေဆုံးသည်ဟု ထင်မိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် အမွေတောင်းရန် ရွှေပေးရွာသို့ ခေတ္တပြန်လာစဉ် အမဖြစ်သူ သေဆုံးရခြင်းမှာ ၎င်း၏ညီမ၀မ်းကွဲ တော်စပ်သူ မမြင့်မြင့်ခိုင်နှင့် ခင်ပွန်း ကိုဖိုးပေါက် (ခ) ၀င်းသန်း (၄၅ နှစ်) တို့ စကားများစဉ် မအေးဆွေမှ ၀င်ရောက်ပြောဆိုသည့်အတွက် ကိုဖိုးပေါက် (ခ) ၀င်းသန်းက မကျေနပ်၍ ထွန်ခြစ်ဖြင့် ရိုက်နှက်ရာ ဦးခေါင်းဝဲ ဂျိုစောင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိပြီး သေဆုံးသွားခြင်း ဖြစ်သည်ကို သိရကြောင်း၊ တရားလို မစိုးမိုးခိုင်က ထပ်မံစုံစမ်းမှုများ ပြုလုပ်ပြီး အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသူ ကိုဖိုးပေါက် (ခ) ၀င်းသန်းအား ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သက်သေခံပစ္စည်း သိမ်းဆည်းခြင်းနှင့် သက်သေများအား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ပခုက္ကူ မြို့မရဲစခန်းတွင် ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသူ ကိုဖိုးပေါက် (ခ) ၀င်းသန်းအား (ပ) ၁၈/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ ယခုဇူလိုင် ၂၅ ရက်တွင် ပခုက္ကူခရိုင် တရားရုံးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ထိန်ဝင်း
Eleven Media Group

No comments:

Post a Comment