Wednesday, July 26, 2017

မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တင်ပြရောင်းချရန် အပ်နှံထားသည့် တန်ဖိုးကြီး ကျောက်စိမ်းတွဲများတွင် ယူရိုသုံးသန်းကျော်မှ ယူရိုရှစ်သန်းအထိ ပါဝင်

မကြာမီပြုလုပ်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တင်ပြရောင်းချရန် လာရောက်အပ်နှံထားသည့် တန်ဖိုးကြီးကျောက်စိမ်းတွဲများ၏ ဈေးနှုန်းအရ ယူရိုသုံးသန်းကျော်မှ ရှစ်သန်းအထိ ပါဝင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၇ ခုနှစ်သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်မည့် (၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြရောင်းချရန် လာရောက်အပ်နှံသော ကျောက်စိမ်းတွဲများ ခင်းကျင်းထားမှုနှင့် အရည်အသွေးမြင့် တန်ဖိုးကြီးကျောက်စိမ်းတွဲများအရ  ၅၅ ကီလိုဂရမ်အလေးချိန်ရှိ IMPERIAL JADE ROUGH ၏ RESERVE PRICE ကို ယူရို ၈၈၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

   
အလားတူ ၄၂ ကီလိုဂရမ်ရှိ IMPERIAL JADE ROUGH ၏ RESERVE PRICE ကို ယူရို ၃၈၀၀၀၀၀ ၊ ၅ ဒသမ ၅ ကီလိုဂရမ်ရှိ COMMERCIAL JADE ROUGH ၏ RESERVE PRICE ကိုယူရို ၃၀၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
   
၈၂ ကီလိုဂရမ် IMPERIAL JADE ROUGH ၏ RESERVE PRICE ကို ယူရို ၃၈၀၀၀၀၀ နှင့် ၀ ဒသမ ၂၀ ကီလိုဂရမ်ရှိ IMPERIAL JADE ROUGH ၏ RESERVE PRICE ကို ယူရို ၁၀၀၀၀၀၀ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
   
(၅၄) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲ ၆၅၆၁ တွဲနှင့် ကျောက်မျက်တွဲ ၃၂၆ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးဗဟိုကော်မတီမှ သိရသည်။
   
ပြီးခဲ့သည့်ပြပွဲများတွင် ဈေးပြိုင်စနစ်နှင့် အိတ်ဖွင့်တင်ဒါစနစ်၊ စနစ်နှစ်မျိုးဖြင့် ရောင်းချခဲ့သော်လည်း ကုန်သည်များ၏ လတ်တလော ယှဉ်ပြိုင်ဝယ်ယူမှုအနေအထားအရ ဈေးပြိုင်စနစ်ကို ယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
   
“လူများလို့အပြိုင်ဝယ်ရင် ဒီစနစ်ကအောင်မြင်တယ်။ ကျွန်တော်တို့က ဈေးနှုန်းကိုပြိုင်ခိုင်းရတာ။ အပြိုင်ဝယ်မှ ကျောက်တွေရဲ့ အမှန်တန်ဖိုးကိုရတာ။ မပြိုင်တော့ဘူးဆိုတာနဲ့ ကျွန်တော်တို့ရဲ့ဈေးနှုန်းတွေက အမှန်တန်ဖိုးဟုတ်မဟုတ်က သံသယတွေနဲ့ အဆင်မပြေဘူး။ ဒါကြောင့်ပြပွဲစနစ်ကို ဈေးကွက်အနေအထားအရရော၊ ပြိုင်ခဲ့တဲ့အနေအထားမှာ အခွင့်အရေးနည်းလာတဲ့ ဈေးပြိုင်စနစ်ကို ဒီပွဲမှာ ယာယီမကျင့်သုံးတော့ဘူး။ သို့သော် ဈေးကွက်အခြေအနေပြန်ဖြစ်လာရင်တော့ ပြန်ထည့်မယ်။ ဒီပွဲမှာတော့ ဈေးပြိုင်စနစ်မပါတော့ဘူး။ နမူနာပြောရရင်တော့ ကျပ်ငွေပွဲတွေမှာ ရောင်းချတဲ့ပုံစံပဲ။ ဒီပွဲမှာလည်း ကျောက်မျက်တွဲရော ကျောက်စိမ်းတွဲရော အားလုံးတင်ဒါစနစ်ပဲသွားပါမယ်” ဟု ပြပွဲကျင်းပရေးဗဟိုကော်မတီ၊ စီမံရေးရာ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောကြားသည်။
   
ကျောက်မျက်တွဲများကို ကုန်သည်များမှ ကြည့်ရှုစစ်ဆေးခြင်းကို သြဂုတ် ၂ ရက်မှ ၄ ရက်အထိခွင့်ပြုသွားမည်ဖြစ်ပြီး ရောင်းချခြင်းကို သြဂုတ် ၅ ရက်၊ ကျောက်စိမ်းတွဲများ ကြည့်ရှုစစ်ဆေးခြင်းကို သြဂုတ် ၂ ရက်မှ ၅ ရက်အထိ ခွင့်ပြုမည်ဖြစ်ပြီး ရောင်းချခြင်းကို သြဂုတ် ၆ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
   
ယခုပြပွဲသို့ ပြည်တွင်းပြည်ပကုန်သည် စုစုပေါင်း ၁၅၀၀ ခန့်တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။    

Writer:
နေရိုင်း၊ အောင်ရဲကို၊ ကျော်မျိုး

No comments:

Post a Comment