Wednesday, July 26, 2017

မလေးရှားသို့ လုပ်သား ၉၀ဝ ကျော် ဩဂုတ်လတွင် စေလွှတ်မည်

အလုပ်သမား စေလွှတ်ခွင့် ရပ်ဆိုင်းထားသည့် မလေးရှားနိုင်ငံသို့ အလုပ်သမား ၉၀ဝ ကျော်ကို ပထမအကြိမ်အဖြစ် ဩဂုတ်လ ပထမအပတ်တွင် စေလွှတ်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားသည်။ “အလုပ်ခေါ်စာ (Calling Letter) ကျပြီးတဲ့ အလုပ်သမားတွေပါ။ ပြီးခဲ့တဲ့ ကက်ဘိနက် (အစိုးရအဖွဲ့) အစည်းအဝေး ဆုံးဖြတ်ချက်အရ စေလွှတ်ခွင့်ပြုခဲ့ပေမယ့် စမတ်ကတ်တို့၊ လေယာဉ်လက်မှတ်တို့ စီစဉ်နေရတာနဲ့ လာမယ့် ဩဂုတ်လ ပထမအပတ်မှာ စထွက်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ရန် အစိုးရအဖွဲ့၏ အပတ်စဉ် အစည်းအဝေးများတွင် အလုပ်ခေါ်စာ ကျပြီးသည့် အလုပ်သမားများကို စိစစ်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဦးကျော်ဇော်က ရှင်းပြသည်။
မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး အလုပ်သမား သံအရာရှိ ထောက်ခံစာ ရရှိထားသည့် လူစာရင်းများကို ဇွန်လ ၂၇ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြန်လည် စေလွှတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
“လက်ရှိ မလေးကို အရင်က အလုပ် ခေါ်စာ (Calling Letter) ကျပြီးတဲ့ အလုပ်သမားတွေကို ပြန်စေလွှတ်ခွင့်ပြုနေတယ်။ အလုပ်သမား အသစ်တွေကို ပြန်ခွင့်ပြုဖို့ကတော့ လက်ရှိ ရှိနေတဲ့အဟောင်းတွေကုန်မှ ပြန်ဆွေးနွေးရမယ်”ဟု Moe Yan အေဂျင်စီမှ တာဝန်ရှိသူက ဆိုသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က ပေးပို့ထားသည့် စာရင်းများအရ လက်ရှိတွင် မလေးရှားနိုင်ငံမှ အလုပ်ခေါ်စာ ရရှိထားသည့် လုပ်သားဦးရေ သုံးထောင်ကျော်ကို ပြန်လည်စိစစ်၍ စေလွှတ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမား ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယခင်က မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ လစဉ်ပျမ်းမျှ အလုပ်သမား သုံးထောင်ခန့်ကို ပို့ဆောင်ပေးနေရပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်သူများ အနေနှင့် လစဉ် ရင်းဂစ်တစ်ထောင်ကို ရရှိကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း အေဂျင်စီများထံမှ သိရသည်။
The Voice

No comments:

Post a Comment