Thursday, July 27, 2017

အိုင်တီနှင့် နည်းပညာလုပ်ငန်းများ၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အခြားလုပ်ငန်းများထက်ပိုများလာ

အိုင်တီနှင့် နည်းပညာလုပ်ငန်းများအတွက် အလုပ်အကိုင်ရှာဖွေပေး နိုင်မှုသည် အခြားလုပ်ငန်းအမျိုး အစားများထက် အရေအတွက် ပိုများကြောင်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု အေဂျင်စီများက ဆိုသည်။ အလုပ်အကိုင်ရှာဖွေပေးနိုင်မှုတွင် ယခင်က ကုန်ပစ္စည်းပို့ဆောင်သည့် လုပ်ငန်းအမျိုးအစား၊ ဈေးကွက်မြှင့်တင်ရေးနှင့် အရောင်းဝန်ထမ်းလုပ်ငန်းအမျိုးအစားများက အများဆုံးအဖြစ် နှစ်ချီ ရပ်တည်နေခဲ့သော်လည်း ယခုနှစ်ဆန်းကစ၍ အိုင်တီနှင့်နည်းပညာလုပ်ငန်းများ ခေါ်ယူမှုဆက်တိုက်မြင့်တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ‘‘အနည်းဆုံးတော့ ကွန်ပျူ တာအသုံးပြုနိုင်တဲ့ လုပ်သားတွေကို ကုမ္ပဏီတော်တော်များများက ခေါ်ယူလာတယ်။ အိုင်တီလုပ်ငန်း အများစုကလည်း အေဂျင်စီတွေနဲ့ချိတ်ဆက်ပြီး အလုပ်ခေါ်တာတွေ ပိုလုပ်လာတာကြောင့် အရေအတွက်က သိသိသာသာတက်လာတယ်လို့ ပြောလို့ရတယ်’’ ဟု မြင့်မိုရ်အထွေထွေဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ အိုင်တီနှင့် နည်းပညာကဏ္ဍအတွက် အလုပ်ရှာဖွေပေး နိုင်မှုသည် ယခင်နှစ်များကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း အေဂျင်စီလုပ်ငန်းရှင်အချို့က ဆိုသည်။
ပြည်တွင်းအလုပ်အကိုင်ရှာဖွေပေးနိုင်မှုနှင့်ပတ်သက်၍ မှတ်တမ်းပြုစုထားသည့် work.com. mm စာရင်းများအရ သုံးလအတွင်း အိုင်တီနှင့် နည်းပညာကဏ္ဍ၌ အလုပ်အကိုင် ၃၆၇ ခု ခန့်အပ်ထားနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်း အများဆုံးပေးနိုင်သည့် ကဏ္ဍတစ်ခုဖြစ်လာခဲ့ကြောင်း ဆိုသည်။
ယခင်က ထိပ်ဆုံးတွင် ရပ်တည်နေသည့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးနှင့်ဖြန့်ဖြူးရေးကဏ္ဍသည် အလုပ်အကိုင်ပေါင်း ၃၅၉ ခုခန့်အပ်ထားနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းကို ဒုတိယအများဆုံးပေးအပ်နိုင်ခဲ့သည့်ကဏ္ဍအဖြစ် အဆင့်လျော့ကျခဲ့ကြောင်း work.com.mm စစ်တမ်း၌ ဖော်ပြထားသည်။
ထိုသို့ အိုင်တီနှင့် နည်းပညာကဏ္ဍအတွက် အလုပ်ရှာဖွေပေး နိုင်မှုသည် သိသာစွာ မြင့်တက်လာသော်လည်း အလုပ်သမားများက ရှာဖွေမှုအများဆုံးပြုလုပ်သည့် လုပ်ငန်းအမျိုးအစားမှာ အင်ဂျင်နီယာလုပ်ငန်းဖြစ်ကြောင်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးဝန် ဆောင်မှုလုပ်ငန်းရှင် ဦးစိုးထွန်းက ပြောသည်။
‘‘အင်ဂျင်နီယာလုပ်သားက အေဂျင်စီတွေမှာလည်း လာလျှောက်ကြတာများတယ်။ အလုပ်အကိုင်ပြပွဲတွေမှာ လာလျှောက်ကြရင်လည်း အဲဒီပညာရပ်နဲ့ဆိုင်တဲ့ လုပ်ငန်းဝင်လုပ်ချင်ကြတဲ့သူတွေများတယ်။ အင်ဂျင်နီယာတွေ များများ မွေးထုတ်နိုင်ပေမယ့် အလုပ်အကိုင်ရဖို့တော့ ခက်နေသေးတဲ့သဘောပဲ’’ဟု ၎င်းက မှတ်ချက်ပြုသည်။
7Day News Journal

No comments:

Post a Comment