Wednesday, July 26, 2017

ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်လေယာဉ်များ ပျံသန်းအပြီး ကာကွယ်ရေးအတွက် ပြင်ဆင်ထားဟု ထိုင်ဝမ်ပြော

ပြီးခဲ့တဲ့ရက်ပို်င်းက ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်လေယာဉ်တွေ ပျံသန်းခဲ့အပြီးမှာ ထိုင်ဝမ်ကာကွယ်ရေးအတွက် ပြင်ဆင်ထားတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်အနီးမှာ တိုက်လေယာဉ်နဲ့ စစ်ထောက်လှမ်းရေး လေယာဉ်တွေကို လေ့ကျင့်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပျံသန်းခဲ့တာနဲ့ပတ်သက်ပြီး “အခုလို တရုတ်ရဲ့ ခြိမ်းခြောက်မှုမျိုးကို ရှောင်လွှဲသွားမှာ မဟုတ်ဘူး” လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။



“တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဟာ ထိုင်ဝမ်အရေးကိစ္စကို စစ်အင်အားသုံး ဖြေရှင်းမယ့်နည်းလမ်းကို ဘယ်တုန်းကမှ စွန့်လွှတ်တာမျိုး မတွေ့ရဘူး။ ဒါ လူတိုင်းသိတဲ့ကိစ္စပါ။ ထိုင်ဝမ်အမျိုးသားတပ်အနေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားရပါမယ်။ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ်။ စစ်ရေးရန်စမှုတွေလည်း လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်ပြည်မကြီးရဲ့ ခြိမ်းခြောက်မှုတွေကို ရှောင်ကွင်းသွားမှာ မဟုတ်ပါဘူး” လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချန်ချောင်ချီက ပြောကြားသွားတာပါ။

“အခုလက်ရှိ အရေးအကြီးဆုံးက ကျေန်ာတို့ရဲ့ မြေပြင် လေပြင် ပိုင်နက်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိဖို့ပါ။ ဒီလိုကိစ္စမှာ တရုတ်တိုက်လေယာဉ်ဖြစ်စေ၊ အချက်အလက်ရှာတဲ့ သင်္ဘောဖြစ်စေ၊ မြေပြင်အခြေစိုက် ဒုံးကျည်ဖြစ်စေ အရာအားလုံးဟာ ကျနော်တို့ အရေးတယူ စဉ်းစားတဲ့ဘောင်ထဲမှာ အကျုံးဝင်ပါတယ်။ တရုတ်လာလာ မလာလာ ကျနော်တို့ဘက်ကတော့ ပြင်ဆင်ထားမှာပါ။ တရုတ်မလာရင်လည်း ရန်သူရဲ့ အခြေအနေအရ တုံ့ပြန်နိုင်စွမ်းရှိအောင် ကျေန်ာတို့တပ်သားတွေကို လေ့ကျင့်ပေးသွားမှာပါ။ ခြိမ်းခြောက်မှုပုံစံ အမျိုးမျိုးကို တုံ့ပြန်နိုင်အောင်လို့ ပြင်ဆင်သွားမှာပါ” လို့လည်း ချန်ချောင်ချီက ဆက်ပြောသွားပါတယ်။

No comments:

Post a Comment