Wednesday, July 26, 2017

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက H1 N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထူးဦးစားပေးပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်း များအား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ တက်ရောက် ကုသနေသော လူနာသုံးဦး၏ အခြေအနေမှာ တိုးတက် ကောင်းမွန်လာကြောင်း။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေ သည့် သံသယရာသီ တုပ်ကွေးရောဂါလူနာ ၁၂ ဦးထံမှ နှာခေါင်းတို့ဖတ် (Nasopharyngeal Swab) ရယူပြီး အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာ ဗဟိုဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ရရှိသော ဓာတ်ခွဲစစ်ဆေးချက် အဖြေများအရ လူနာသုံးဦးတွင်Seasonal Influenza A (H1N1) pdm 2009-Positive ဖြစ်ကြောင်း ထပ်မံစစ်ဆေး တွေ့ရှိ ရကြောင်း သိရသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၂ ဦးအနက်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြင်းထန်အဆုတ် ရောင်ရောဂါဖြင့် ဇူလိုင်၂၁ ရက် ည ၈ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စတင်ဆေးရုံ တက်ရောက်ကုသခဲ့ပြီး ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် အဆိုပါရောဂါဖြင့် သေဆုံးခဲ့ကြောင်း နှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ ဇူလိုင် ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသည် ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် တက် ရောက်ခဲ့ရာ ရောဂါပြင်းထန်သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ မွန်းတည့် ၁၂ နာရီတွင် လွှဲပြောင်းခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009)ဖြစ် ပွားမှုနှင့် ပတ်သက်၍ ဖြစ်ပွားသူ အားလုံးတွင် သေဆုံးမှုနှုန်းမှာ ဝ ဒသမ ဝ၂ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း၊ ရောဂါပြင်းထန်၍ ဆေးရုံတက် ရောက် ကုသခံယူရသူ များတွင် ၄ ဒသမ ၅၅ ရာခိုင်နှုန်းခန့်ရှိကြောင်း အမေရိကန် CDC မှ ထုတ်ပြန် ထားသော သတင်း အချက်အလက်များ အရ သိရှိရသဖြင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ကြောင့်ကြစရာ မလိုအပ်ကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ် ထုတ်သတင်းစာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် Myanmar CDC facebook စာမျက်နှာများ တွင် ထုတ်ပြန် ထားရှိသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွား လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူ ရန်လိုအပ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Myanmaalinn

No comments:

Post a Comment