Thursday, July 27, 2017

H1N1 influenza virus vaccine တုပ်ကွေး ကာကွယ်ဆေး

H1N1 influenza တုပ်ကွေးကို Swine flu လို့လည်း ခေါ်တယ်။ ဝက်တွေမှာ အများဆုံး တွေ့ရလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝက်သားစားလို့တော့ အဲဒီရောဂါ မရစေပါ။ လူတွေတစ်ယောက်ဆီကနေ တစ်ယောက် ပါးစပ်ကနေလာတဲ့ အမှုန်အမွှားလေးတွေကနေ တစ်ဆင့် ကူးစက်တယ်။ ချောင်းဆိုးနှာချေရာကနေ ထွက်လာတယ်။ လေထဲရောက်မယ်။ မျက်နှာပြင်တွေနဲ့ အသုံးအဆောင်တွေပေါ် ရောက်တယ်။ နောက်တစ်ယောက်က ရှူမိရင် ကူးစက်နိုင်တယ်။ ပိုးရှိသူ ကိုယ်မှာလည်း ရှိနေနိုင်တယ်။ သူ့လက်နဲ့ ထိကိုင်တာတွေမှာ ပိုးရောက် စေနိုင်တယ်။ H1N1 influenza virus vaccine ကာကွယ်ဆေး ရှိတယ်။ ၂၀၀၉ မှာ ကမ္ဘာမှာ ကပ်ရောဂါဖြစ်စဉ်က စသုံးနေတယ်။ ထိုးဆေးဖြစ်တယ်။ ဗိုင်းရပ်စ်ကို သေအောင် လုပ်ထားတာကို သုံးတယ်။ နောက်ထပ် LAIV (Nasal spray vaccine) နှာခေါင်းထဲ ဖျန်းရတဲ့ ကာကွယ်ဆေး ပေါ်လာတယ်။ ဗိုင်းရပ်စ်အရှင် သုံးတယ်။ ထိုးဆေးက အသက် ၆ လကနေအထက် ထိုးတယ်။ ဒီကာကွယ်ဆေးက တခြားဗိုင်းရပ်စ်တွေ ဥပမာ Bird flu ကြက်ငှက်တုပ်ကွေးကို မကာကွယ်ပါ။

ကာကွယ်ဆေး ဘေးထွက်သက်ရောက်မှု နည်းနည်းသာ ရှိတယ်။ တုပ်ကွေးမိသလို ခံစားရနိုင်တယ်။ ကိုယ်နည်းနည်းပူ၊ လည်ချောင်းနာ၊ နှာစေး၊ အစားပျက်၊ ကြွက်သားတွေနာ။ တုပ်ကွေးရာသီမှာ တုပ်ကွေးမိသလို ခံစားရတိုင်း ဒီရောဂါလို့ မပြောနိုင်ပါ။ ကြက်ဥနဲ့ မတည့်သူတွေ ဒီကာကွယ်ဆေး မတည့်ပါ။ Guillain-Barré syndrome ခေါ် အာရုံကြောရောဂါရှိသူ မတည့်ပါ။ အအေးမိ ကိုယ်ပူနေချိန်မှာလည်း ကာကွယ်ဆေး ထိုးနိုင်ပါတယ်။
တိတိကျကျပြောရရင် ဒီကာကွယ်ဆေးဟာ 2009 H1N1 influenza virus ဗိုင်းရပ်စ်ကို ကာကွယ်တာ ဖြစ်တယ်။ ၂၀၀၉-၂၀၁၀ တုန်းကဖြစ်ခဲ့တဲ့ တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်တာ။ ၁၀ နှစ်အထက်ကို ကာကွယ်ဆေးတစ်လုံး တစ်ကြိမ်ထိုးရတယ်။ အသက် ၆ လကနေ ၉ နှစ်ကို ကာကွယ်ဆေး ၂ ကြိမ် ထိုးရမယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ် ၄ ပတ်ခြားတယ်။ ၆ လအောက် မလိုပါ။
ကာကွယ်ဆေးထိုးချိန် တူနေရင် Pneumococcal polysaccharide vaccine နူမိုကော်ကယ် ကာကွယ်ဆေးကိုလည်း တစ်ပြိုင်တည်း ထိုးနိုင်တယ်။ နှာခေါင်းထဲ ဖျန်းဆေးလည်း အတူတူ ဖြစ်တယ်။
H1N1 တုပ်ကွေး ကာကွယ်ရေး
၁။ နေမကောင်းရင် အိမ်မှာသာ နေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။ လူတွေနဲ့ ထိတွေ့တာ နည်းပါစေ။ ရောဂါလိုက်ရှာသလို မဖြစ်အောင် ရောဂါမရသေးသူတွေက လူစုလူဝေးရှောင်ပါ။
၂။ လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုး ဆပ်ပြာသုံးပါ။ ရေနဲ့ဝေးရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာ ဆေးရည်သုံးပါ။ လက်ကိုမကြာခဏ ဆေးပါ။ အထူးသဖြင့် ချောင်းဆိုးနှာချေပြီးတိုင်း ဆေးပါ။
၃။ ချောင်းဆိုးတိုင်း၊ နှာချေတိုင်းမှာ နှာခေါင်းကို ဖုံးအုပ်ထားပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။ တံတောင်ဆစ်ထဲ ချောင်းဆိုးတဲ့ အကျင့်လုပ်ပါ။
၎။ ထိတွေ့မှု နည်းနိုင်သမျှ နည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။
၅။ ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေချောင်းဆိုးရာကနေ ထွက်လာတဲ့ ဗိုင်းရပ်စ်တွေ ကပ်နေနိုင်တယ်။ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ထိကိုင်တာ သတိထားပါ။ လက်မှာ ပိုးတွေပါ နေနိုင်တယ်။
၆။ Flu vaccination ကာကွယ်ဆေးကို အသက် ၆ လအထက် ထိုးနိုင်တယ်။ ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါ ကာကွယ်မယ်။ ထိုးဆေး + နှာခေါင်းထဲ ထည့်ဆေးလို့ ၂ မျိုး လာတယ်။ နှာခေါင်းထဲ ထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိကိုသာ ပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။ ကြက်ဥနဲ့ မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိ သူတွေ မပေးရပါ။
၇။ ကျောင်း-ရုံး ပိတ်သင့် မသင့် ကျန်းမာရေးဌာနက ဆုံးဖြတ်တာ လိုက်နာပါ။
၈။ လိုတာထက် ပိုမစိုးရိမ်ပါနဲ့။ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောတာမဟုတ်ရင် မယုံပါနဲ့။ သတင်းအမှားတွေ မျှဝေတာ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်စားဆေးတွေနဲ့ ကာကွယ်လို့ မရပါ။ ရောဂါ ၃ မျိုး ကာကွယ်ဆေး မဟုတ်ပါ။ Monovalent တမျိုးတည်း ကာကွယ်ဆေးလို့ ခေါ်တယ်။ ကာကွယ်ဆေး၊ ထိုးဆေး၊ စားဆေး ကြော်ငြာတွေ သတိထားပါ။
ဒေါက်တာတင့်ဆွေ
The Voice

No comments:

Post a Comment