Thursday, July 27, 2017

H5 N1 ကြောင့် ထားဝယ်မြို့နယ်ရှိ ကျောင်းများ ငါးရက်ပိတ်မည်

ထားဝယ်မြို့ရှိ ကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5 N1 တွေ့ရှိမှုကြောင့် ထားဝယ်မြို့နယ်ရှိ စာသင်ကျောင်းများ ငါးရက် ပိတ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။ ရှင်မုတ္ထီး၊ မောင်မယ်ရှောင်ကျေးရွာများနှင့် မေတ္တာမြို့ အပါအဝင် ထားဝယ်မြို့နယ် တစ်ခုလုံးရှိ စာသင်ကျောင်းများအားလုံးပိတ်ရန် ညွှန်ကြားထားကြောင်း အဆိုပါရုံးထံမှ သိရသည်။ သို့သော် ထားဝယ်မြို့နှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးသော လောင်းလုံးမြို့နယ် ကျေးရွာအချို့ရှိ စာသင်ကျောင်းများ မပါဝင်ပေ။ ထားဝယ်မြို့နယ် အတွင်းရှိ မေတ္တာမြို့မှာ မိုင် ၂၀ ခန့် ဝေးသည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားလာသည့်အတွက် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ငါးရက်ပိတ်မည်ဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။
“ကျောင်းပိတ်တာနဲ့ ပတ်သက်ပြီး အပြောင်းအလဲ ရှိတယ်ဆိုရင် ထပ်အကြောင်းကြားသွားမယ်”ဟု တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အခြေခံပညာကျောင်းများကို ညွှန်ကြားရန် ထားဝယ် မြို့နယ် ပညာရေးမှူးရုံးမှတဆင့် အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။
ထားဝယ်မြို့ပေါ် ရပ်ကွက်တစ်ခုရှိ ကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5 N1 ရောဂါဖြစ်ပွားမှုရှိကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် အတည်ပြုခဲ့သည်။
Dawei Watch
The Voice

No comments:

Post a Comment