Thursday, July 27, 2017

H5N1 ဗိုင်းရပ် တွေ့ရှိခဲ့သည့် ကြက်ခြံအနီးတွင် နေထိုင်သူတစ်ဦး ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာ

ထားဝယ်မြို့ ၌ အပြင်းစား ကြက်ဌက်တုပ်ကွေး H5N1 ဗိုင်းရပ်တွေ့ရှိခဲ့သည့် ကြက်ခြံအနီးတွင် နေထိုင်သူတစ်ဦး ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ဗိုင်းရပ်ကူးစက်ခံရခြင်း ရှိ မရှိ စောင့်ကြည့်နေကြောင်း သိရသည်။ ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက H5N1 ဗိုင်းရပ်တွေ့ ရှိခဲ့သည့် ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကြက်ခြံအနီးတွင် နေထိုင်သူတစ်ဦးမှာ ဖျားနာလာသဖြင့် ကြက်ဌက်တုပ်ကွေးရောဂါ သံသယရှိသောကြောင့် ထားဝယ်ပြည်သူ့ ဆေးရုံသို့ တင်ပို့ခဲ့ကာ လူနာအား စောင့်ကြည့်နေကြောင်း ထားဝယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ည ၉ နာရီအချိန်တွင် ပြောကြားသည်။

"ညနေက အဲဒီကြက်ခြံနားက ဖျားလို့ဆိုပြီးတော့ စောင့်ကြည့်ဖို့ ဆရာတို့ဆီ ပို့လိုက်တာ။ ဘာမှဆရာတို့ အဖြေမရသေးဘူး။ အဲဒီနေရာက ဖျားတဲ့သူဆို ဆရာတို့က စောင့်ကြည့်ပေးရမှာကိုး။ အဲဒါကြောင့်ပို့လိုက်တာ" ဟု ထားဝယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောကြားသည်။
ဆေးရုံသို့ ရောက်ရှိလာသည့် လူနာမှာ ရန်ကုန်မြို့ နှင့် ဒေသအချို့ တွင် ဖြစ်ပွားနေသော H1N1 နှင့် ထားဝယ်မြို့ ရှိ ကြက်ခြံအချို့ တွင် တွေ့ ရှိခဲ့သော H5N1 ဗိုင်းရပ်ကူးစက်ခံရခြင်း ရှိမရှိဆိုသည်နှင့် ပတ်သက်၍ချက်ချင်းမသိရှိနိုင်သေးဘဲ ဓာတ်ခွဲစမ်းသပ်ပြီးမှသာ အဖြေထွက်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးသန့်က ဆက်လက် ပြောကြားသည်။
လက်ရှိတွင် ကြက်ကောင်ရေထောင်ချီ သေဆုံးခဲ့၍ စစ်ဆေးရာမှ အပြင်းစား ကြက်ဌက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်စတင် တွေ့ ရှိခဲ့သည့် ဝဲကျွန်းထိန်သစ်ရပ်ကွက်မှ ဒေါက်တာမောင်နီ၏ ကြက်မွေးမြူရေးခြံနှင့် အနီးရှိ ကြက်မွေးမြူရေးခြံများရှိ ကြက်များအားလုံးကို ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းမှစ၍ တိုင်းဒေသကြီးအဆင့် ကြက်ဌက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ရှင်းလင်းမှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ဖြိုးဇင် (ထားဝယ်)
Eleven Media Group

No comments:

Post a Comment