Friday, August 11, 2017

သေနတ်ကိုင် ဓားပြ ၂ ဦးကို လက်နက်မပါဘဲ ပြန်လည်တိုက်ခိုက်သည့် သားအဖ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဖုံးဆိုင်တဆိုင်ကို သေနတ်ကိုင် ဓားပြတိုက်တဲ့ လူ ၂ ဦးကို ဆိုင်ပိုင်ရှင်သားအဖက လက်ချည်းသက်သက် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ ဆိုင်ရှင်သားအဖက သေနတ်တွေကို အတုလို့ထင်ပေမယ့် သေနတ်တွေက အစစ်ဖြစ်ပြီး ကျည်လည်းပါတယ်လို့ ရဲတွေက အတည်ပြု ပြောပါတယ်။ ဆိုင်ထဲကို လူ ၂ ဦးဝင်လာပြီး တဦးက ရုတ်တရက် သေနတ်ထုတ်ပြကာ ဆိုင်ကောင်တာထဲ ခုန်ဝင်လိုက်တာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဆိုင်ရှင်သားအဖ ၂ ဦးက ကြောက်လန့်မသွားဘဲ သေနတ်ထုတ်ချိန်သူကို လက်နက်မပါ ဝင်လုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။



သေနတ်ချိန်ထားတဲ့ ဓားပြနဲ့ ဆိုင်ရှင်သားအဖ လုံးထွေးသတ်ပုတ်နေကြတုန်း ဓားပြနောက်တဦးကလည်း သေနတ်ထုတ်ချိန်ပြီး တိုက်ခိုက်တာရပ်တန့်ဖို့ ခြိမ်းခြောက်ပေမယ့် ဆိုင်ရှင်တွေက မရပ်ဘဲ သူတို့လက်ထဲက ဓားပြကို အမိအရ တိုက်ခိုက်ဖမ်းဆီးနေလို့ ကောင်တာအပြင်ဘက်က ဓားပြလည်း ဆိုင်အပြင်ဘက် ထွက်ပြေးသွားပါတယ်။

သားအဖ ၂ ဦး ဖမ်းထားတဲ့ ဓားပြဟာ ဆိုင်အပြင်ပြေးထွက်နိုင်အောင် ကြိုးစားခုခံနေတဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ ဓားပြက ပြန်လာကူလို့ နောက်ဆုံးမှာ ဆိုင်ရှင်သားအဖလက်ထဲက ဓားပြလည်း ထွက်ပြေးလွတ်မြောက်သွားတာကို တွေ့ရပါတယ်။

အာလင်တန်ကောင်တီ ရဲတွေက ဒီရုပ်သံကို ထုတ်လွှင့်လိုက်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ လူတွေကို ထိပ်တိုက်ရင်မဆိုင်သင့်ကြောင်း သတိပေး ပြောကြားခဲ့တယ်လို့ သြဂုတ် ၁၀ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment