Sunday, August 13, 2017

ဒေသတွင်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ် မြို့နယ်အသီးသီး တပြိုင်တည်းဆန္ဒပြ

ဒေသတွင်းလုံခြုံရေးရှိဖို့အတွက် ရခိုင်ပြည်နယ်က မြို့တွေမှာ ဒီနေ့ နေ့လယ်ပိုင်း က ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ေ ဒသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အကာအကွယ်ပေးဖို့၊ ၁၉၈၂ နှစ် နိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့၊ ကုလသမဂ္ဂနဲ့ အန်ဂျီအို၊ အိုင်အန်ဂျီအို အဖွဲ့အစည်းတွေ ရခိုင်ပြည်ထဲက အမြန်ဆုံး ထွက်ခွာပေးဖို့၊ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ လုံခြုံမှုအတွက် လက်နက်ကိုင် ပြည်သူ့စစ် ဖွဲ့စည်းပေးဖို့နဲ့ အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ချေမှုန်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။



ဆန္ဒပြရာမှာ ဦးဆောင်သူတယောက်ဖြစ်တဲ့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နဲ့ ကူညီစောင့်ရှောက်ရေး ရဟန်တော်များအသင်း ဦးဆောင်နာယက ဆရာတော် ဦးဓမ္မိကက “၁၉၈၂ ခုနှစ် ဥပဒေကိုလည်း မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့ လိုတယ်။ နိုင်ငံသား ဧည့်နိုင်သားဆိုပြီးတော့ သေချာဖြစ်သွားရင် တရားဝင် တရားမဝင် ဆိုပြီး ခွဲတန်းတွေဖြစ်သွားမှာပေါ့။ တရားမဝင်တဲ့ သူတွေဆိုလည်း ပြည်နယ်အစိုးရက ဘယ်လို ထားမလဲ၊ နိုင်ငံတကာက ဘယ်လိုလက်ခံမလဲ၊ ၁၉၈၂ နှစ်ဥပဒေကိုလဲ ဒါတွေကို တောင်းဆိုသင့်တယ် ထင်လို့ တောင်းဆိုတာပါ” လို့ မိန့်ပါတယ်။

အခုလို ပြဿနာဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း ကုလသမဂ္ဂနဲ့ အန်ဂျီအို၊ အိုင်အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ ရနေတာကြောင့် ပိုပြီး မီးပွားနေသလိုဖြစ်နေတယ် လို့ သုံးသပ်ကြောင်း ဦးဓမ္မိက ဆက်မိန့် ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲတွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးရုံးထိုင်တဲ့ အမ်းမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့တွေမှာ ပြုလုပ်ခဲ့ကြတာပါ။

ဒေသတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသလို အကြမ်းဖက်မှုကို ဆန့်ကျင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သြဂုတ် ၁၁ ရက်နေ့မှာ ထုတ်ပြန် တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အစွန်းရောက် အကြမ်းဖက်ကို ဆန့်ကျင်ပြီး ထောက်ခံပေးကြဖို့ တိုက်တွန်းထားပါတယ်။ -ဝဏ္ဏခွာညို

No comments:

Post a Comment