Friday, August 11, 2017

စည်ပင်ခွေးဂေဟာအတွက် လေလွင့်ခွေးများ ကြိုတင်စုဆောင်း

ယခုနှစ် အောက်တိုဘာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကဖွင့်မည့် ခွေးထိန်းသိမ်းရေး ဂေဟာအတွက် လေလွင့်ခွေးများ ကြိုတင်၍ ရှာဖွေစုဆောင်းထားပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ အဆိုပါ ခွေးဂေဟာတွင် ကောင်ရေ တစ်ထောင်ခန့် ထိန်းသိမ်းထားရှိနိုင်ရန် စီစဉ်ထားပြီး ခွေးဂေဟာ မဖွင့်မီ လေလွင့် ခွေးမျိုးပွားနှုန်းမြင့်သော လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ လေလွင့်ခွေး တစ်ရာကျော်ကို ကြိုတင် စုဆောင်းကာ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာန အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ခွေးဂေဟာ အဆောက်အအုံက တည်ဆောက်ပြီးတော့မယ်။ လောလောဆယ် ဂေဟာမဖွင့်မီ လေလွင့်ခွေးတစ်ရာလောက် ကြိုတင် စုဆောင်းထားပြီ။ တချို့ ပရဟိတ အလှူရှင်တွေကလည်း ခွေးလေးတွေအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ဝယ်ယူဖို့ အလှူငွေ လှူဒါန်းတာလည်း ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
လေလွင့်ခွေးမွေးဖွားနှုန်း နှစ်စဉ် ကောင်ရေ ငါးသောင်းခန့် တိုးပွားလျက် ရှိသော ရန်ကုန်မြို့တွင် မြို့တော်စည်ပင် သာယာရေး ကော်မတီက ပထမဆုံးခွေး ထိန်းသိမ်းရေး ဂေဟာကို လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်အနီးရှိ မြေပေါ်တွင် အမိုးအကာပါသော အဆောက်အအုံတို့ကို ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“လမ်းပေါ်လွင့်နေတဲ့ ခွေးတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ထိန်းသိမ်းနိုင်တာပေါ့။ အခြား ပရဟိတ အသင်းတွေကလည်း ထိန်းသိမ်းစောင့်ရှောက်တာနဲ့ဆို လေလွင့်ခွေးတွေ လမ်းပေါ်မှာ တော်တော် ကျဲသွားမယ်ထင်တယ်”ဟု ရွှေရောင်နှလုံးသား တိရစ္ဆာန်ကာကွယ်ရေး အသင်းဝင် ဆရာဝန်တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လေလွင့်ခွေး ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာများကို ပရဟိတ အသင်းအဖွဲ့များက လှည်းကူး၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့နယ် အပါအဝင် အခြားမြို့နယ် အချို့တွင် ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ယခုနှစ်တွင် စတင် ဖွင့်လှစ်ခြင်းဖြစ်သည်။
စည်ပင်လေလွင့်ခွေး ထိန်းသိမ်းရေးဂေဟာတွင် ထားရှိရန် မျိုးပွားနှုန်းများသည့် မြို့နယ်များ၊ ရပ်ကွက်များ၊ နေရာများကို ပြည်သူများ အနေနှင့် လမ်းညွှန်ကာ မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သတင်း ပေးပို့နိုင်သော်လည်း လေလွင့်ခွေးများ ဖမ်းဆီးပို့နှောင်မှုကို လက်ခံမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“လေလွင့်ခွေး ပေါများတဲ့ နေရာတွေကို လမ်းညွှန်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ဖမ်းဆီးပို့ဖို့က ခွင့်မပြုပါဘူး။ ဂေဟာမှာ လက်ခံမှာ ကောင်ရေ တစ်ထောင် ဆိုပေမယ့် တကယ့် နာကျင်ကျိုးပဲ့နေတဲ့ ခွေးလေးတွေသာ ဦးစားပေး လက်ခံမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် တစ်နှစ်လျှင်လေလွင့် ခွေးကောင်ရေ သုံးသောင်းနှင့် ငါးသောင်းကြား ပုံမှန် တိုးပွားလျက်ရှိပြီး ယခင် စစ်တမ်း ကောက်ယူမှုအရ ခွေးကောင်ရေ တစ်သိန်း ရှစ်သောင်းခန့် ရှိကြောင်း၊ မြောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် ရွှေပြည်သာ၊ လှိုင်သာယာတို့တွင် လေလွင့်ခွေး အများဆုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
The Voice

No comments:

Post a Comment