Friday, August 11, 2017

ဒီဗွီဘီနှင့် ဧရာဝတီသတင်းထောက်များအမှု တပ်မတော်အရာရှိ ၂ ဦး သက်သေထွက်ဆိုမည်

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးတို့ကို မနက်ဖြန် သီပေါတရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး တပ်မတော်က တရားလိုပြသက်သေအဖြစ် အရာရှိ ၂ ဦး လာရောက်ထွက်ဆိုမှာ ဖြစ်ပါတယ်။ တပ်မတော် ခမရ ၅၀၃ မှ ဗိုလ်မှူးမြတ်မွန်အောင်နဲ့ ဗိုလ်သော်ဇင်တို့ သီပေါမြို့နယ်တရားရုံးမှာ တရားလိုပြ သက်သေအနေနဲ့ လာရောက်ထွက်ဆိုမှာ ဖြစ်ပြီး ဖမ်းဆီးခံ သတင်းထောက်တွေအတွက် အာမခံထပ်မံတောင်းဆိုသွားမယ်လို့ တရားလွှတ်တော် ရှေ့နေဦးမောင်မောင်ဝင်းက ပြောပါတယ်။



ပြီးခဲ့တဲ့သြဂုတ်လ ၄ ရက်နေ့ ရုံးချိန်းမှာတော့ တရားလို ဖြစ်သူ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး လာရောက်ထွက်ဆိုခဲ့ပြီး  စွပ်စွဲဖမ်းဆီးခံထားရသူတွေအတွက် အာမခံ လျှောက်ထားမှုကိုတော့  တရားရုံးက ပယ်ချထားပါတယ်။

တီအန်အယ်လ်အေ မူးယစ်ဆေးဝါးဖျက်ဆီးပွဲ သတင်းသွားယူပြီး ပြန်လာတဲ့ ဒီဗွီဘီ သတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းထောက် ၁ ဦးပါ ၆ ဦးတို့ကို ဇွန် ၂၆ ရက်မှာ တပ်မတော်စစ်ကြောင်းက ရှမ်းပြည်နယ် နမ့်ဆမ်-သီပေါ ကားလမ်း၊ နမ့်ဆမ်မြို့နယ် ဘုရားကြီးကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့မှာတော့ စစ်တပ်က သီပေါရဲစခန်းကို လွှဲပြောင်းပေးခဲ့ကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၇ ရက်နေ့မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအကော်မရှင်အဖွဲ့ဝင် အဖွဲ့ဝင် ၅ ဦးဟာ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ၃ ဦးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

No comments:

Post a Comment