Thursday, August 10, 2017

ရခိုင်မြောက်ပိုင်း လုံခြုံရေး ရခိုင်အမျိုးသားပါတီက တပ်ချုပ်နှင့် တွေ့ဆုံတောင်းဆို

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ဒေသနယ်မြေများနှင့်ဒေသခံပြည်သူများ၏ လုံခြုံရေးကို တပ်မတော်မှ လုံခြုံရေး အပြည့်အဝ ကာကွယ်ပေးနိုင်ရန် ရခိုင်အမျိုးသားပါတီမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သွားရောက် တွေ့ဆုံတောင်းဆိုခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ပြောသည်။ တပ်ချုပ်ထံ ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ တင်ပြရာတွင် နယ်မြေလုံခြုံရေး၊ ပင်လယ်ပြင် လုံခြုံရေး အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံပေးရေး အပါအဝင် ပြည်နယ်အတွင်း အလုပ်အကိုင် ဖန်တီးပေးရေး စသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း ဦးဖေသန်းက ဆိုသည်။

“ရခိုင်ပြည်နယ်အတွက် စိုးရိမ်ပူပန်မှုတွေ သွားရောက် ဆွေးနွေးတာ။ ဒေသခံတွေက နေရာရွှေ့ပြောင်းရင် နယ်မြေတွေ ဆုံးရှုံးသွားနိုင်တယ်။ နယ်မြေ လုံခြုံရေးအတွက် တပ်မတော်က ဆောင်ရွက်ပေးဖို့ ဆွေးနွေးတာ ဖြစ်ပါတယ်၊ တပ်မတော်ဘက်ကတော့ အကြမ်းဖက်အဖွဲ့တွေကို ပြတ်သားစွာ ချေမှုန်းသွားမယ်။ စားဝတ်နေရေးအတွက် လိုအပ်တာကို လက်ခံတယ်လို့ ပြောတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ အခြားသော ဌာနများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပေးသွားမယ်လို့ တပ်မတော်ဘက်က ပြောဆိုခဲ့တယ်”ဟု ဦးဖေသန်းက ပြောသည်။
အဆိုပါတွေ့ဆုံမှုကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဒေါက်တာအေးမောင်နှင့်အတူ ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင်နှင့် ဦးခင်မောင်လတ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဩဂုတ်လ ၉ ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား နယ်နိမိတ်အားဖြင့် မိုင်ပေါင်း ၁၆၈ ဒသမ ၅၇ မိုင်အား နယ်နိမိတ်စည်းရိုး ကာရံမှုကို ပြီးခဲ့သည့် ၂၀ဝ၉ ခုနှစ်က စတင်ပြုလုပ်ခဲ့ရာ လက်ရှိအချိန်၌ မိုင်ပေါင်း ၄၂ မိုင် ကာရံရန်ရှိနေသေးကြောင်း အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မီဒီယာသမားတွေလည်း သိပါတယ်။ တချို့ ခြံစည်းရိုးတွေက လူမပြောနဲ့ ဆင်တွေတောင် ဝင်လို့ရအောင် ပျက်စီးနေတာတွေကိုလည်း အများအပြား တွေ့ရပါတယ်”ဟု အဆိုပါကော်မရှင်၏ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မြင့်ဖေက ပြောကြားသည်။
အလားတူ အဆိုပါ အစီရင်ခံစာ၌ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် မြို့နယ်များတွင် လူဦးရေ ၈၄၃,၆၃၇ ရှိသည့်အနက် မွတ်ဆလင် ဦးရေ ၇၅၅,၃၇၁ သည် ခရိုင်တစ်ခုလုံး၏ လူဦးရေ ၉၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
မောင်တောခရိုင်၌ ဗလီစုစုပေါင်း ၁၂၇၈၊ အာရ်ဗီကျောင်း ၁၁၄၃၊ မော်လဝီ ဆရာ ၁၆၅၉ ရှိပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၂၂၂ ကျောင်း ရဟန်းသာမဏေ ၄၈၆ ပါး၊ ဟိန္ဒူဘုရားကျောင်း ၁၇ ကျောင်း၊ ခရစ်ယာန်ကျောင်း ၇ ကျောင်းရှိကြောင်း ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။
The Voice

No comments:

Post a Comment