Friday, August 11, 2017

ကင်ညာရွေးကောက်ပွဲအငြင်းပွားမှုကြောင့် လေးဦးသေဆုံး

ကင်ညာရွေးကောက်ပွဲတွင် သမ္မတ Uhuru Kenyatta ၏ပါတီက မဲအသာရရန်မဲလိမ်၊ မဲခိုးမှုပြုလုပ်သည်ဟု အတိုက်အခံ ပါတီကစွပ်စွဲပြောကြားပြီး ရွေးကောက်ပွဲနှင့်ဆက်စပ်သော အကြမ်းဖက်မှုကြောင့်လေးဦးသေဆုံးခဲ့သည်ဟု သြဂုတ် ၁၀ ရက် တွင် အာဏာပိုင်များကပြောသည်။ အတိုက်အခံခေါင်းဆောင် Raila Odinga က သြဂုတ် ၉ ရက်တွင် အာဏာရပါတီက ရွေးကောက်ပွဲကနဦးရလဒ်ကို ငြင်းပယ်လိုက်သဖြင့် ရွေးကောက်ပွဲအငြင်းပွားမှုများနှင့် အတိုက်အခံအင်အားကောင်းသော ဒေသများတွင် ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။ နိုင်ရိုဘီမြို့ပြင် မာသာရီမြို့နယ်တွင်ဆန္ဒပြသူများကို ရဲကအကြမ်းဖက် ဖြိုခွင်းခဲ့ရာဆန္ဒပြသူနှစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသွားသူနှစ်ဦးသည် ရဲလုံခြုံရေးအဖွဲ့ကို ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစား သဖြင့် ရဲကပစ်ခတ်တားဆီးခဲ့ရခြင်းဖြစ်သည်ဟု နိုင်ရိုဘီမြို့နယ် ရဲမှူး Japheth Koome ကပြောသည်။
ကင်ညာအရှေ့တောင်ပိုင်း Tana River ဒေသတွင် မဲရေတွက်သည့် ရုံသို့အမျိုးသားငါးဦးက ဓားဖြင့်အကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့် မဲရုံလုပ်အားပေးတစ်ဦး ဓားဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်သူများကို ရဲကပစ်ခတ် ဖမ်းဆီးခဲ့ရာ နှစ်ဦးသေဆုံးသွားပြီး လွတ်မြောက်သွားသောသူများကို လိုက်လံရှာဖွေနေကြောင်း ဒေသရဲအရာရှိ Larry Kieng
ကပြောသည်။ ၂၀၀၇ ခုနှစ်ကလည်း အလား တူဖြစ်ရပ်မျိုးကြောင့် နိုင်ငံရေးအုံကြွ မှုများဖြစ်ပေါ်လာခဲ့ကာ လူ ၁၁၀၀ ခန့် သေဆုံးခဲရပြီး လူ ၆၀၀၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ၂၀၁၇ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးသူ ၁၁ သန်း ကျော်ရှိပြီး ဆန္ဒမဲ ၅၅ ရာခိုင်နှုန်းရှိ မဲစာရင်းများကိုသာ ရွေးကောက်ပွဲကော်မရှင်က ပြတ်တောင်းပြတ်တောင်း ကြေညာ နေခြင်းမှာ ပုံစံမမှန်ကြောင်း အတိုက်အခံခေါင်းဆောင် Odinga ကထောက် ပြဝေဖန်ခဲ့သည်။ အသက် (၇၂) နှစ် အရွယ် အတိုက်အခံခေါင်းဆောင် Odinga သည် သမ္မတရွေးကောက်ပွဲ လေးကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုအကြိမ်သည် နောက်ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။
ကင်ညာရွေးကောက်ပွဲကို နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့ကိုးဖွဲ့က လာရောက်လေ့လာခဲ့ပြီး သမ္မတနေရာကို Odinga နှင့် Kenyatta တို့ အကြိတ်အနယ်ယှဉ်ပြိုင်နေရသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ငြိမ်းချမ်းစွာစောင့်ကြည့်ရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Ref:AFP

No comments:

Post a Comment