Friday, August 11, 2017

ဘန်ကောက်တွင် မြန်မာအချင်းချင်းပေါ် ခိုးမှု၊ လုယက်မှု ကျူးလွန်သူ ၂ ဦး ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ခွန်းထိန်းနယ်မြေထဲမှာ မြန်မာနိုင်ငံသားအချင်းချင်းအပေါ်  ခိုးမှု၊ လုယက်မှု ကျူးလွန်ခဲ့သူ ၂ ဦးကို နယ်မြေခံရဲတွေ ဖမ်းဆီးရမိခဲ့တယ်လို့  ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ၃၅ နှစ် အရွယ် ဇင်မင်းထွန်း နဲ့ ဒိုင်း တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်  ၈ ရက်နေ့ညက ဘန်ခွန်းထိန်းနယ်မြေ ဘန်ဘွန်ရပ်ကွက်ရှိ မြန်မာအလုပ်သမား သောင်းထိုက်နဲ့ အေးမိစံတို့ ဇနီးမောင်နှံနေထိုင်ရာ တိုက်ခန်းကို ရောက်ရှိလာပြီး ဓားရှည်နဲ့ ခြိမ်းခြောက်ကာ တယ်လီဖုန်းနဲ့ ငွေတွေ လုယူသွားကြောင်း တိုင်တန်းချက်ရရှိတဲ့အတွက် ရဲတွေက ခြေရာခံ လိုက်လံဖမ်းဆီးခဲ့တာလို့ ဘန်ခွန်းထိန်းနယ်မြေ ရဲစခန်း ရဲမှူးကြီး ဖုန်းစ်အနန် ခလိုက်ခိန်းက သြဂုတ် ၉ ရက်နေ့ သတင်းစာရှင်းလင်းမှာ ပြောကြားခဲ့ပါတယ်။



အလုခံရသူတွေက သူတို့နှစ်ဦးက ဘယ်သူဘယ်ဝါ ဆိုတာကို မှတ်မိသိရှိနေတဲ့အတွက် ရဲတွေက သူတို့ဓာတ်ပုံ၊ အထောက်အထား၊ ဖမ်းဝရမ်းစာနဲ့အတူ သူတို့ ပုန်းခိုရာနေရာ ဘန်ဘွန်ရပ်ကွက်ထဲမှာ သွားရောက်ဖမ်းဆီးရာမှာ သူတို့ ၂ ဦးဆီကနေ သူတပါးဆီက လုယက်ထားတဲ့ စမတ်ဖုန်း ၂ လုံး၊ ဖလက်စခရင် တီဗွီ တလုံး၊ ဘတ်ငွေ သုံးထောင်၊  လုယက်ရာမှာ အသုံးပြုတဲ့ ဓားရှည်၊ ဟွန်ဒါဆိုင်ကယ်တစီးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့  ရဲမှူးကြီးက ဆက်ပြောပါတယ်။

ဒီမတိုင်ခင်က အခြား မြန်မာအလုပ်သမားတွေလည်း  သူတို့ ၂ ဦးရဲ့  ခိုးမှု၊ လုယက်မှုတွေ ခံခဲ့ရလို့  ရဲစခန်းမှာ လာရောက်တိုင်တန်းထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးကလည်း ဘန်ခွန်ထိန်းနယ်မြေတဝိုက်မှာ အလုပ်သမားတွေ တံခါးဖွင့်ထားတာ တွေ့ရင် အထဲဝင်ပြီး ခြောက်လှန့်လုယက်ခဲ့ကြောင်း၊ မြန်မာတွေဟာ ထိုင်းရဲကို သွားတိုင်ရမှာ ကြောက်တတ်လို့  အခုလို မြန်မာအချင်းချင်း ရွေးပြီး လုယက်ရတာလို့ ဝန်ခံသွားပါတယ်။

ရဲစခန်းကတော့ သူတို့ ၂ ဦးကို သူတပါးပစ္စည်းဥစ္စာ ခိုးယူမှု၊ လုယက်မှုနဲ့ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ပါ အမှုဖွင့်ပြီး  တရားဥပဒေအတိုင်း အရေးယူ အပြစ်ပေးသွားမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။

ကိုးကား – ဒေးလီးနယူးစ် ၊

No comments:

Post a Comment