Saturday, August 12, 2017

သံသယခြိမ်းသံများနှင့် ဖွဖွလေး ခေါက်သောရင်တံခါး

အသက်အရွယ်ကြောင့်ထင် သည်။ နားအေးပါးအေး နေချင် စိတ်က ပိုပြီးအားကောင်းလာ သည်။ စိတ်အေးလက်အေး နေ ချင်စိတ်က ပိုပြီး ရုန်းကြွလာသည်။ ပူညံပူညံ၊ ပွစိပွစိ လုပ်တာမျိုးတွေ မကြားချင်၊ မမြင်ချင်တော့။ ကိုယ့်စိတ်ကို ပူလောင်စေသော နည်းမျိုးစုံထဲက တစ်နည်းနည်းနှင့် အနှောင့်အယှက်ဖြစ်အောင် လုပ် တာမျိုးကို မကြုံချင်၊ မခံစားချင် တော့။ သည်အခါမှာ အဆင်ပြေ လောက်မည်ထင်သော မိတ်ဆွေ တစ်ယောက်နှင့် စပ်တူလုပ်ပြီး အခန်းငှားနေလိုက်သည်။ အိမ် လခတစ်ဝက်စီ၊ ရေဖိုး၊ မီးဖိုးတစ် ဝက်စီ၊ အိပ်ခန်းနှစ်ခန်းပါသော ကြောင့် သူ့ကို အခန်းကျယ်မှာနေ ခိုင်းပြီး ကိုယ်က အခန်းငယ်မှာနေ သည်။ မနက် မိုးလင်းပြီး ခဏ တွင် နိုးလာ၊ ရေချိုးပြီး အပြင် ထွက်သွား၊ မိုးချုပ်တော့မှ ပြန် လာတတ်သော အခန်းဖော်ဖြစ် သောကြောင့် ကျွန်တော့်အတွက် တစ်နေကုန် လွတ်လပ်သည်။
စာ ဖတ်ချင်ဖတ်၊ စာရေးချင်စိတ် ပေါ်လျှင် စာထိုင်ရေး၊ အတွေးစ ပေါ်လျှင် အတွေးနှင့်ငေးပြီး လိုက် သွား၊ မီးလာလျှင် ထမင်းချက်၊ မလာလျှင် ဆိုင်မှာသွားစား၊ သောက်စရာရေ ကုန်ခါနီးလျှင် ရေသန့်ဘူးလိုက်ရောင်းသူထံမှ ခေါ်ဝယ်၊ အပြင်သွားစရာရှိလျှင် ထွက်သွား၊ ပတ်ဝန်းကျင်က အေး ဆေးသောကြောင့် နားအေးပါး အေး။ ကိုယ့်ကို စိတ်အနှောင့် အယှက်ဖြစ်အောင် လာပြောနေ၊ လာလုပ်နေသူလည်းမရှိတော့ နားအေးပါးအေး နေချင်စိတ်၊ စိတ်အေးလက်အေး နေချင်စိတ်ရှိ သော ကျွန်တော့်အတွက် အဆင် ပြေသည်ဟု ဆိုနိုင်သည်။ သို့ သော် လွန်ခဲ့သော သုံးလလောက် မှစပြီး ကျွန်တော့်အခန်း မျက် စောင်းထိုး မြေညီထပ်မှာ ဂိမ်း ဆိုင်ကလေး စဖွင့်လိုက်သော အခါ မီးစက်သံက နားအေးပါး အေး နေချင်စိတ်နှင့် ထိပ်တိုက် တွေ့ရတော့သည်။ ဒါပေမဲ့ ပြဿနာမရှိပါ။ မီးစက်မောင်းသံ ကို နားမခံသာလျှင်တောင်မှ ဥပေက္ခာပြုထားနိုင်သော အကျင့် က အတန်အသင့်ရခဲ့ပါပြီ။ ရန် ကုန်မြို့ထဲ ရောက်သွားချိန်လည်း မီးစက်သံတဒုန်းဒုန်းကို ကြားနေ ကျဖြစ်သောကြောင့်၊ လက်ဖက် ရည်ဆိုင်ထိုင်လည်း မီးစက်သံ တဒုန်းဒုန်းကို ကြားနေကျဖြစ် သောကြောင့်၊ စီးပွားရေးလုပ်ငန်း များစွာရှိသော လမ်းထဲမှာနေ သည့် မိတ်ဆွေတစ်ယောက်၏ အိမ်သို့သွားတိုင်း မီးစက်သံမျိုးစုံ ကို ကြားနေကျဖြစ်သောကြောင့် သည်းခံခွင့်လွှတ်၍ နားဆင်သော အကျင့်ရပြီးခဲ့ပါပြီ။ မီးစက်တွေ အပြိုင်အဆိုင် မောင်းနေသော မြို့လယ်ကောင်က အသံနှင့် အနံ့ ကို ဖြတ်သွားဖြတ်လာလုပ်ရင်း ရှောင်နိုင်သော်လည်း ကိုယ်နေ သောအခန်း၏ မျက်စောင်းထိုးနေ ရာမှ မီးစက်၏ ခဏခဏနှင့် တစ် နေကုန် မောင်းနေတတ်သော အသံကိုတော့ ရှောင်၍မရ။ ဒီ တော့လည်း တစ်ခုခုထဲ စိတ်ဝင် စားအောင်လုပ်ပြီး ရှောင်ရသည်။ ဖတ်နေသောစာထဲ စိတ်ဝင်စား သွားသောအခါ နားထဲမှာ ဆူညံ နေသောအသံက ဝေးသွားတတ် သည်။ ဒီမနက်လည်း မီးစက်သံ ကြားထဲမှာ စာထိုင်ဖတ်နေတုန်း အခန်းတံခါးခေါက်သံသဲ့သဲ့ ကြား လိုက်ရသည်။ ဘယ်က ဧည့်သည် များလဲ။ မနက် ၁၁ နာရီ အချိန်လောက်ဆိုတော့ ဧည့်စာ ရင်းလာစစ်တာ မဖြစ်နိုင်ဟုအတိ အကျတွက်၍ရသည်။ ဘယ်သူ များပါလိမ့်။


ရပ်ကွက်အုပ်ချုပ်ရေးရုံးက လူတွေများလားဟု စဉ်းစားသည်။ ဒီရပ်ကွက်သို့ ပြောင်းလာပြီး လေးငါးလကြာတော့ ရက်တစ် ရက်၏ နေ့ခင်းဘက်မှာ အခုလိုပဲ တံခါးခေါက်သံကို ကြားရသည်။ တံခါးဖွင့်လိုက်တော့ လမ်းထဲမှာ မမြင်ဖူးသော လူတစ်ယောက်ကို တွေ့သည်။ သူက ‘‘ကိုနောင် ကျော် ဒီအခန်းမှာ နေတာလား’’ ဟုမေးသည်။ ‘‘ဟုတ်ပါတယ်’’ဟု ပြောသောအခါ ရပ်ကွက်ဥက္ကဋ္ဌ က တွေ့ချင်သောကြောင့် ရုံးကို ခဏလိုက်ခဲ့ပေးဖို့ပြောသည်။ ကျွန်တော်သည် အခန်းထဲ ဝင် ထိုင်ပါဦးဟု ပြောသောကြောင့် သူက အခန်းထဲ ဝင်လာပြီး ကု လားထိုင်မှာ ထိုင်သည်။ ခင်ဗျား က ရုံးစာရေးလားဟုမေးတော့ ဟုတ်ပါတယ်ဟုဖြေသည်။ ကျွန် တော့် စားလက်စထမင်းပန်းကန် ကိုတွေ့တော့ သူ အားနာသွားပုံရ သည်။ ‘‘ထမင်းစားပါဦး၊ ကျွန် တော့်မှာ စက်ဘီးပါလာတယ်။ အပြန်ကျရင်လည်း ကျွန်တော် လိုက်ပို့ပေးပါ့မယ်’’ဟု ပြောသည်။ ဘာလုပ်ဖို့ တွေ့ချင်တာလဲဟုမေး တော့ သူက ကျွန်တော်လည်း မသိဘူးဟု ဖြေသည်။ အစ်ကို့ဆီ မှာ ယာယီသန်းခေါင်စာရင်းရှိ သလားဟု မေးတော့ ကျွန်တော် က နံရံတွင် ကလစ်နှင့်ညှပ်၍ ချိတ်ထားသော အိမ်ငှားစာချုပ်နှင့် သန်းခေါင်စာရင်းတွေကို လှမ်းယူ သည်။ ညှပ်ထားသော ကလစ်ကို ဖိပြီး ယာယီသန်းခေါင်စာရင်းကို ထုတ်ယူသောအခါ လိုရမည်ရ မိတ္တူဆွဲထားသော ယာယီသန်း ခေါင်စာရင်းမိတ္တူပါ ထွက်ကျလာ သည်။ ထိုပုဂ္ဂိုလ်က လှမ်းကြည့် နေရာမှ မြင်သွားပြီး ‘‘ကျွန်တော့် ကို အဲဒီသန်းခေါင်စာရင်းမိတ္တူ ပေးလိုက်လို့ရမလား’’ဟု မေး တောင်း တောင်းသည်။ကျွန်တော် က ‘‘ရပါတယ်၊ လိုချင်ရင် ယူသွား ပေါ့’’ဟုပြောပြီး သူ့ကို လှမ်းပေး လိုက်သည်။ ‘‘ဒါဆိုရင်ရပြီ၊ အစ် ကို လိုက်ခဲ့စရာမလိုတော့ဘူး’’ ဟုပြောပြီး နှုတ်ဆက် ထွက်သွား သည်။ ကျွန်တော်က တံခါးပြန် ပိတ်ပြီးသောအခါ စိတ်ထဲမှာ ပြုံး ချင်သလိုလို ဖြစ်မိသည်။ အေး အေးဆေးဆေး   နေချင်သော ကြောင့် အေးရာအေး ကြောင်းရှာ ပြီး နေသော်လည်း...။ စိတ်ထဲ တစ်ဝက်တစ်ပျက်တွေးမိ ရာမှ ‘မျက်လုံးတစ္ဆေ’စာသားပါသော  စိုင်းထီးဆိုင်ဆိုခဲ့သည့်သီချင်းသံ ခပ်သဲ့သဲ့က နားထဲသို့ဝင်လာ သည်။ လက်ဖက်ရည်ဆိုင်က ဖွင့်ထားတဲ့အသံလားဟု စဉ်းစား သေးသည်။ နောက်ပိုင်းတွင် ထို ပုဂ္ဂိုလ် မလာတော့ပါ။ ယခု တံခါး ခေါက်သံကလည်း သူတို့ထဲမှ တစ်ယောက်ယောက် မဖြစ် နိုင်။ ဒါဆိုရင် ဘယ်သူများပါလိမ့်၊ လမ်းမှူးဆိုသူများလား။

ကျွန်တော်က ပက်လက်ကု လားထိုင်မှ ထဖို့ပြင်သည်။ ဖတ် လက်စ စာအုပ်ကို ခွေးခြေခုံပေါ် သို့ တင်သည်။ စာအုပ်နာမည်က ‘သုခမြို့တော်’။ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သော ဝတ္ထု။ အိန္ဒိယ နိုင်ငံမှ ဆင်းရဲသားဘဝများ၊ ဒုက္ခသည်များနှင့် လူတွေ၏ဒုက္ခ ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကူညီပေးနေသော မာသာထရီဇာ တို့အကြောင်းကို အခြေခံပြီး ရေး ထားသောဝတ္ထု။ ကျွန်တော်က သုခမြို့တော်ကို ခုံပေါ်သို့ တင် လိုက်ရင်းမှ ဘယ်သူများပါလိမ့် ဟူသော အတွေးဖြင့် ထိုင်ရာမှ ထသည်။

သူငယ်ချင်းတစ်ယောက် ယောက်တော့ မဖြစ်နိုင်။ ကျွန် တော်နေသော ရန်ကုန်မြို့စွန်ရပ် ကွက်သို့ လာမည်ဆိုလျှင် တကူး တက လာရမည်ဖြစ်သောကြောင့် ကြိုတင် အချိန်းအချက်လုပ်ပြီးမှ လာလိမ့်မည်။ ဒီရပ်ကွက်မှာနေခဲ့ တာ တစ်နှစ်ကျော်ကြာပြီဖြစ် သော်လည်း ဘယ်သူငယ်ချင်းမှ လာမလည်ခဲ့ကြပါ။ ဒီရပ်ကွက်ထဲ မှာနေသော မိတ်ဆွေတစ်ယောက် ယောက်များ ဖြစ်မလားဟု စဉ်း စားမိသေးသည်။ အဲဒီမိတ်ဆွေ တွေဆိုလျှင်လည်း အခန်းတံခါး မခေါက်ခင်၊ လှေကားမှ တက် မလာခင်ကတည်းက အောက်မှ နေ၍ ခေါင်းလောင်းကြိုးကို ဆွဲ လျှင်ဆွဲ၊ မဆွဲလျှင်လည်း အသံပြဲ ကြီးနှင့် နာမည်ကို အော်ခေါ်လေ့ရှိ သည်။ အသံပြဲနှင့် အော်မခေါ် လျှင်လည်း တတိယထပ်မှာနေ သော ကျွန်တော်က ကြားမည် မဟုတ်ပါ။ ယခု တံခါးခေါက်သံက တိုးလျလှသည်။ ရေဒီယိုဖွင့် နား ထောင်ချိန်မျိုးဆိုလျှင် ဤသို့ သော တံခါးခေါက်သံမျိုးကို ကြား ချင်မှ ကြားနိုင်မည်။

ရေဒီယိုဖွင့် နားထောင်ချိန် နှင့် တံခါးခေါက်သံကို ဆက်စပ် မိရင်းမှ လွန်ခဲ့သောတစ်ပတ် လောက်က ရေဒီယိုနားထောင်နေ ချိန်၊ မှောင်ရီဝိုးတဝါး ညနေခင်း ညီအစ်ကို မသိတသိဟု ဆိုကြ သောအချိန်တွင် တံခါးခေါက်ပြီး ဝင်လာသော ဧည့်သည်နှစ် ယောက်ကို သတိရသွားသည်။ ကုလားထိုင်မှထပြီး တံခါးဖွင့်ပေး ဖို့ မတ်တတ်ရပ်လိုက်ချိန်တွင် အခန်းရှေ့ဘက် ပြတင်းပေါက် ဆီသို့ မျက်စိက ရောက်သွား သည်။ အမှတ်မထင် လမ်းပေါ်သို့ ကြည့်မိသောအခါ ကျွန်တော်နေ သော အဆောက်အအုံရှေ့မှာ ဆိုင်ကယ်တစ်စီး ရပ်ထားသည်။ တစ်ခါတလေမှာ ဆိုင်ကယ်ရပ် ထားတာမျိုး တွေ့ရတတ်သော် လည်း အပေါ်ထပ်မှ အခန်းတစ် ခန်းခန်းဆီသို့ ဧည့်သည်တွေ စီးလာကြသည့် ဆိုင်ကယ်ကို တွေ့လိုက်သည်။ တံခါးကို ဂျက် ဖွင့်ပေးလိုက်တော့ လူလတ်ပိုင်း အရွယ်လောက် နှစ်ယောက်ကို တွေ့ရသည်။ ဘယ်သူတွေမှန်း ကျွန်တော်မသိပါ။ တစ်ယောက် က ပြုံးပြလိုက်တာကို မှောင်ရီဝိုး တဝါးမှာ လှမ်းမြင်လိုက်ရသည်။ ငါ့ကို သိတဲ့လူတွေထဲက တစ် ယောက်ယောက်ဖြစ် မှာပေါ့လေ ဟုတွေးမိပြီး ‘‘လာလေ၊ အခန်းထဲ ဝင်ထိုင်ပါ’’ဟုခေါ်တော့ တစ် ယောက်ကစပြီးအခန်းဝမှာ ဖိနပ် ချွတ်ဖို့ ပြင်သည်။ ဖိနပ်မချွတ်နဲ့ စီးပြီးဝင်လို့ရပါတယ်ဟု ပြော တော့ ဝင်လာကြသည်။ ထိုင်ခုံ တွေမှာ နှစ်ယောက်စလုံး ထိုင် ကြတော့ ‘‘ကဲ... ဆိုပါဦး၊ ဘာ ကိစ္စရှိလဲ’’ဟု ကျွန်တော်ကမေး သည်။ သူတို့ထဲမှ တစ်ယောက်က ဟိုရက်တွေတုန်းကလည်း ကျွန် တော်တို့ လာသေးတယ်။ အခန်း သော့ ခတ်ထားတာတွေ့တော့ ကျွန်တော်တို့ ပြန်သွားတာ၊ ကိစ္စ ရှိလို့ မဟုတ်ပါဘူး။ တစ်ယောက် နဲ့တစ်ယောက် မမြင်ဖူးသေးတာနဲ့ မိတ်ဆက်တဲ့သဘောနဲ့ လာတွေ့ တာပါဟု ပြောသည်။ ပြီးတော့ သူ့နာမည်နှင့် ရာထူးကို ပြော သည်။ နောက် တစ်ယောက်ကို ‘‘ခင်ဗျားနာမည်လည်း ပြောထား ဦး’’ဟုပြောလိုက်သောအခါ သူ က နာမည်ကိုပြောသည်။ သူတို့ အသက်တွေ (၃၀) ကျော်စ လောက်ပဲရှိမည်။ ကျွန်တော် ကျောင်းဆရာလုပ်တုန်းက တပည့် တော်ခဲ့သူများဆိုလျှင်သူတို့ အသက်ထက်ပင် ကြီးကြဦးမည်။ ယဉ်ကျေးမှုသဘောအရ ကိုယ် နှင့် မရင်းနှီးသူဆိုလျှင် ဘယ် လောက်ပဲ အသက်ငယ်ငယ် ကျွန်တော်က ‘ခင်ဗျား’၊ ‘ကျွန် တော်’နှင့် ပြောတတ်သည်။ တပည့်ဖြစ်ခဲ့သော ယောက်ျား လေးများကိုပင်လျှင် ‘ခင်ဗျား’၊ ‘ကျွန်တော်’နှင့် ဆက်ဆံခဲ့သည်။ ယခု ဧည့်သည်များကိုလည်း ကျွန် တော့်ထုံးစံအတိုင်း ဆက်ဆံပြော ဆိုသည်။ မိတ်ဆက်တဲ့သဘောဟု သာ ပြောသော်လည်း သူတို့က ကျွန်တော်နှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးကိစ္စတွေကို မသိမသာ မေးသွားကြသည်ကများသည်။ ဒီအခန်းက ငှားနေတာလား၊ လခ ဘယ်လောက်ပေးရသလဲ၊ စာ ချုပ်ပြည့်လျှင် ဒီမှာပဲ ဆက်နေမှာ လားဆိုတာတွေလည်း ပါသည်။ မဂ္ဂဇင်းမှာ စာရေးနေတယ်ဟု ပြောလာအခါ ကလောင်နာမည် ကို မေးသေးသည်။ ကျွန်တော် နောက်ဆုံးလုပ်ခဲ့သော မဂ္ဂဇင်း နာမည်ကို သူတို့ကိုပြောသော အ ခါ နာမည်လေးလုံးတွင် တစ်လုံး ကျန်နေ၍ ပြင်ပေးလိုက်ရသေး သည်။ သူတို့ကလည်းပေါ့ပေါ့ ပါးပါး၊ ကျွန်တော်လည်း ပေါ့ပေါ့ ပါးပါး။ ကျွန်တော်က မီးမမှန်၊ ရေမမှန်သည့်အပြင် ရေခဈေးကြီး သည့်အကြောင်း အားလုံးသိကိစ္စ ကို ပြောတော့ သူတို့က ဘာမှ မှတ်ချက်မပေးကြ။ အချိန်သိပ် မကြာခင် ပြန်ခါနီး နှုတ်ဆက် တော့  ဖွင့်ထားသော ရေဒီယိုလိုင်း က အစီအစဉ်ပြီးခါနီးပြီ။ ‘‘တစ် ရက်လောက်မှာ ကျန်တဲ့တစ် ယောက်ပါ ခေါ်လာပြီး မိတ်ဆက် ပေးရင်း လက်ဖက်ရည်ဆိုင်ထိုင် ကြတာပေါ့’’ဟု ကြိုတင်ဘွတ် ကင်လုပ်သွားသေးသည်။ သူတို့ ထပြန်ကြတော့ မှောင်ပြီ။ အစော ပိုင်းတုန်းက ညီအစ်ကို မသိတသိ အချိန်၊ အခုတော့ မှောင်မှောင် မည်းမည်း။ ဒါပေမဲ့ ကျွန်တော် ရော သူတို့ပါ တစ်ယောက်နှင့် တစ်ယောက် သိကြသည်။ စကား စပြောခါစက သူတို့၏ အထက် အရာရှိအဆင့်ရှိသော ကျွန်တော့် ညီဝမ်းကွဲ(ကွယ်လွန်သူ)နာမည် ကိုပြောပြသေးသည်။ သူတို့က မသိဟုဖြေသည်။ သူစိမ်းဖြစ်သွား သော ဆွေမျိုးနှင့် ဆွေမျိုးဖြစ်လာ သော သူစိမ်းတို့အကြောင်းကိုပင် စဉ်းစားမိသေးသည်။ သူတို့က တော့ ဆွေမျိုးမဟုတ်သော သူ စိမ်းများဖြစ်သည်။ ယခု တံခါး ခေါက်သံသည် သူတို့ တစ်ခေါက် ပြန်လာသည့်အသံလားဟု စဉ်း စားသည်။

စိတ်သည် အချိန်တိုအတွင်း မှာပင် လှုပ်ရှားမှုနှုန်း မြန်လွန်း သည်။ ခုနတုန်းက ကြားရသည့် တံခါးခေါက်သံကြောင့် တံခါးဖွင့် ဖို့ ထလိုက်သည့်ကာလ အတွင်း မှာပင် စိတ်အတွေးက လွှားခနဲ လွှားခနဲ ခုန်ကျော်ပြေးလွှားသည် ထက် အဆပေါင်းများစွာမြန် သည်။ ဘယ်သူများလဲ၊ သူတို့ လားဆိုသည့် ‘လဲ’တွေ၊ ‘လား’ တွေကလည်း ခပ်များများနှင့် အတိတ်ကို ခပ်မြန်မြန် ပြန်သေး သည်။ ခွေးခြေပေါ်တွင်တင်လိုက် သော ဘာသာပြန်ဝတ္ထု မျက်နှာဖုံး ဆီသို့ မျက်လုံးက တစ်ချက် ရောက်ပြီး သုခမြို့တော်မှ တံခါး ပေါက်ဆီသို့ ခြေစလှမ်းသည်။ ခြေလှမ်းရင်း ငယ်ငယ်တုန်းက ဖတ်ဖူးသော ကဗျာတိုလေး တစ် ပုဒ်၏ ခေါင်းစဉ်နှင့် စာသားက ခေါင်းထဲဝင်လာသည်။

ကဗျာခေါင်းစဉ်က ‘သံသ ယ’။ ရေးသူက အချစ်ကဗျာတွေ၊ အချစ်ဝတ္ထုတွေ ရေးလေ့ရှိသော ကဗျာဆရာ ‘မောင်ပန်းမွှေး’ဖြစ် သည်။

‘တံခါးခေါက်သံ

ကြားရပြန်သည့်

ငါ့ထံ ဘယ်သူလာသနည်း’

(မိုးဝေမဂ္ဂဇင်း၊ ၁၉၆၈ ဧပြီလ)

ကဗျာဆရာက သူ့နှလုံးသား တံခါးကို လာခေါက်နေသည့် အကြောင်း ရေးခဲ့သလား၊ သူ့ ခေတ်ပြိုင်ကာလက မိတ်ဆွေ တချို့၏ အိမ်တံခါးကို လာခေါက် ခံနေရသည့် အသံနှင့်ပတ်သက်၍ ရေးခဲ့သလားဆိုသည်ကိုတော့ ကဗျာဆရာကိုယ်တိုင်မှပဲ ပြော နိုင်လိမ့်မည်။ ဘဝတံခါးကို လာ ခေါက်နေသော တံခါးခေါက်သံ လည်း ဖြစ်ချင်ဖြစ်မယ်။ တံခါး ခေါက်သံက တိုးတိုးညင်းညင်း လား၊ ခပ်ပြင်းပြင်းလား။ တံခါး ခေါက်ချိန်က နေ့အလင်းမှာလား၊ အကာလ ညအခါလား။ မည် သည့်ကိစ္စနှင့် တံခါးခေါက်သလဲ၊ အလှူခံဖို့လား၊ အပူချန်ဖို့လား။ ကြွေးတောင်းဖို့လား၊ ကြွေးဟောင်း ဆပ်ဖို့လား။ အလည်လာဖို့လား၊ အလည်ခေါ်ဖို့လား။ မိတ်ဆက်ဖို့ လား၊ နှိပ်စက်ဖို့လား။ ပြုံးဖြီးဖြီးနဲ့ လာတာလား၊ အမုန်းကြီးကြီးနဲ့ လာတာလား။ တံခါးခေါက်နေ သောသူကိုမြင်လျှင် သိရမည်ထင် သည်။ ကဗျာဆရာက တံခါး ခေါက်သံကြားရသောအခါ သံသ ယစိတ်နှင့်တွေးသည်။ ‘ငါ့ထံ ဘယ်သူလာသနည်း’ဟု သံသယ စိတ်နှင့် တွေးမေးမေးသည်။ သံသယစိတ်ဆိုသည်မှာ မသင်္ကာ သောစိတ်၊ အပြည့်အဝ ယုံကြည် မှုမရှိသောစိတ်၊ မဝံ့မရဲနှင့် ရင်ထဲ ဖြစ်သောစိတ်၊ စိုးရိမ်ကြောင့်ကြ သောစိတ်တို့ကို တစ်နည်းနည်း ဖြင့် ဖော်ပြခြင်းမျိုးဖြစ်မည်ထင် သည်။ ဤစိတ်တို့ကလည်း အတိတ်ဖြစ်ရပ်၊ အတိတ်၏ အရိပ်တို့နှင့် ဆက်စပ်နေမည်ထင် သည်။ အိပ်စက်ခါစ စိတ်ကို အတိတ်က တစ္ဆေများက တံခါး လာခေါက်သောကြောင့် ထိတ် လန့်တကြား ချောက်ချားတုန့်လှုပ် ရခြင်းလား...။

***

ပိတ်ထားသော တံခါးဝနား ရောက်တော့ တံခါးခေါက်သံ ခပ် တိုးတိုးလေးကို ထပ်၍ကြားရပြန် သည်။ တံခါးခေါက်သောလက် မှာ အားမရှိခြင်းကြောင့်လား၊ အားနာ၍ ခပ်တိုးတိုးပဲခေါက်နေ ခြင်းကြောင့်လား၊ သိမ်မွေ့ ယောင်ဆောင်ပြီး ညင်သာပြနေ ခြင်းကြောင့်ပဲလားဟု အတွေးဝင် သည်။ တံခါးချက်ကို ကွင်းထဲမှ ဆွဲထုတ်လိုက်သည်။ တံခါးလက် ကိုင်ကိုကိုင်ပြီး တံခါးကို ဆွဲဖွင့် လိုက်သည်။ တံခါးဝ၏ အပြင် ဘက်မှာ ရပ်နေသူကို တွေ့လိုက် ရ၏။ အတွေးထဲမှာ ရှိနေသော မိတ်ဆွေများလည်းမဟုတ်၊ ရန် ရှာမည့်သူများလည်းမဟုတ်၊ ကလေးမလေးတစ်ယောက်သာ ဖြစ်သည်။ အဝတ်အစား ခပ်နွမ်း နွမ်း၊ မျက်နှာက သန့်သန့်ရှင်းရှင်း မဟုတ်၊ သူ့လက်ထဲမှာ ကိုင်ထား တာက ထင်းပေါက်(မီးသွေးမီးဖို သုံးသူများ၊ မီးမွှေးချိန်တွင် လောင်စာအဖြစ်သုံးသော သစ် သားချောင်း သေးသေးလေးများ) လေးစည်းဖြစ်သည်။ ထင်းပေါက် ကလေးများကို သားရေကွင်း (ရော်ဘာကွင်း)ပတ်ပြီး စည်းထား သည်။

‘‘ထမင်းချက်ဖို့ ဆန်ဝယ်ချင် လို့ ဒီထင်းပေါက်လေးတွေ ဝယ် ပါ’’

ကလေးမလေး ပါးစပ်မှ ထွက်လာသော အသံက ခပ်တိုး တိုးဖြစ်သည်။ ကလေးမလေးကို မြင်လိုက်ရပြီး သူ့ဆီက ကြား လိုက်ရသောအသံကြောင့် ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားသည်။

‘‘ဘယ်တော့အတွက် ထမင်းချက်ဖို့လဲ သမီး’’

‘‘ဒီမနက်စာအတွက်’’

အချိန်က ၁၁ နာရီထိုးပြီးနေ ပြီ။

‘‘သမီးအဖေ၊ အမေတွေက ဘာအလုပ်လုပ်သလဲ’’

‘‘အဖေက သေသွားပြီ။ အမေက နေမကောင်းဘူး’’

ကလေးမျက်နှာကို ကျွန် တော် ကြည့်မိသည်။ မနက်ပိုင်း က ခုတ်ချပစ်ထားသော သစ်ကိုင်း မှ အရွက်များကို နွေနေ့လယ်ခင်း မှာ မြင်ရသလို ညှိုးလျလျ။

‘‘သမီးက ကျောင်းမနေဘူး လား’’

‘‘နေတယ်’’

ကလေးမလေး၏ မျက်နှာ ကို ကြည့်မိပြန်သည်။ နွေကျောင်း ပိတ်ရက်ဆိုတာကို သတိပြုမိ၏။

‘‘ဦးက မီးသွေးမီးဖိုမရှိတော့ အသုံးမတည့်ဘူး သမီးရဲ့။ ဒီထင်း ပေါက်တွေက တစ်စည်းကို ဘယ် လောက်လဲ’’

‘‘ငါးဆယ်’’

ကျွန်တော့်စိတ်ထဲမှာ ဘာ လုပ်ပေးရမလဲ၊ ချက်ချင်းစဉ်းစား သည်။ အင်္ကျီအိတ်ထဲမှ နှစ်ရာ တန်ထွက်လာသည်။

‘‘ရော့... ဒီပိုက်ဆံကို သမီး ယူသွား၊ ဒီထင်းပေါက်လေးတွေ ကို ဒီ့ပြင်အခန်းမှာ သွားရောင်း လိုက်နော်’’

ကလေးလက်ထဲသို့ ပိုက်ဆံ ထည့်သည်။ ကလေးက ပိုက်ဆံ ယူပြီး အပေါ်ထပ်သို့ ဆက်တက်ဖို့ လှေကားဘက် မျက်နှာလှည့် သည်။ ကျွန်တော်က ကလေး မလေးကို ကျေးဇူးတင်ပါတယ်ဟု ပြောဦးလေလို့ လှမ်းပြောတော့ ကျေးဇူးတင်ပါတယ်ဟု ကျက် ထားသောစာကိုရွတ်ပြသလို ပြန် ပြောသည်။ မျက်နှာမှာ အပြုံး မမြင်ရ၊ ဝမ်းသာဟန် မမြင်ရ၊ ထို့ ပြင် ညှိုးလျလျ။

ကလေးမလေး လှေကား ပေါ် ဆက်တက်သွားတော့မှ ကျွန် တော်က အခန်းတံခါးကို ပိတ် လိုက်သည်။ ပက်လက်ကုလား ထိုင်မှာ ပြန်ထိုင်မည်လုပ်တော့ ခွေးခြေခုံပေါ်မှာ တင်ထားသော ‘သုခမြို့တော်’ကို မျက်စိက ရောက်သည်။ ပက်လက်ကုလား ထိုင်မှာထိုင်ပြီးသောအချိန်တွင် စာအုပ်ကို လှမ်းယူလိုက်သော် လည်း စိတ်ထဲမှာ ကလေးမလေး ၏ မျက်နှာကို မြင်နေရသည်။ သူပြောခဲ့သော ဘဝကို မှန်းမြင် ကြည့်မိသည်။ ဒီကလေးမလေး၏ အနာဂတ်ဘဝကို မှန်းဆပြီး တွေး ကြည့်မိသေးသည်။ ဒီကလေးက ပိုက်ဆံလိုက်တောင်းသူမဟုတ်၊ ထင်းပေါက်လိုက်ရောင်းသူသာ ဖြစ်သည်။ ဒီအခြေအနေမျိုးနှင့်ဆို လျှင် ကျောင်းပြန်ဖွင့်ချိန်၌ ကျောင်းတက်နိုင်ချိန် ရှိပါတော့ မလား။ သူ့လို ကလေးမျိုးတွေက ဒီရပ်ကွက်နားဝန်းကျင်မှာ ဘယ် နှယောက်လောက် ရှိမလဲ။ လူ့ အဖွဲ့အစည်းထဲမှာကော...။ သူ့မိ သားစုဘဝမှာလည်း ထမင်းနပ် မှန်ပါရဲ့လား။ ထမင်းနပ်မှန်သည် ပဲထားဦး၊ ဘယ်လိုဟင်းမျိုးနှင့် အာဟာရချို့တဲ့စွာ နပ်မှန်ကြမှာ လဲ။ အတွေးက ထွေပြား၍ ရှည် လျားလှသောအခါတွင် လွင့်မျော စိတ်မှာ အုံ့မှိုင်းမှိုင်းဖြစ်လာသည်။ လက်ထဲမှာ ကိုင်ထားသော စာ အုပ်မျက်နှာဖုံးမှစာကို လှမ်းကြည့် တော့ ဝိုးတိုးဝါးတားပဲ မြင်ရတော့ သည်။ ကလေးမလေး၏ မျက်နှာ ကိုတော့ စိတ်ထဲမှာ ရှင်းရှင်းလင်း လင်း ရှိသည်။

တဒုန်းဒုန်း ထုသံလိုလို ကြားရသည်။ ပိတ်ထားသော အခန်းတံခါးကို လှမ်းကြည့်မိ သည်။ တဒုန်းဒုန်းအသံများ ပို၍ ကြားလာရသည်။ သစ်သားတံခါး ဆီမှ မဟုတ်နိုင်ပါ။ တဒုန်းဒုန်း အသံများ အဆက်မပြတ် ကြား နေရသည်။ ရင်ဘတ်ထဲမှဖြစ် သည်။ တဒုန်းဒုန်းအသံတွေ ပို၍ ပို၍ ကျယ်လောင်စွာ အဆက် မပြတ် ကြားနေရတော့လည်း ရင် ဘတ်ထဲက တံခါးဆီကို လှမ်း ကြည့်လိုက်သည်။ ထင်းပေါက် လာရောင်းသော သမီးကလေးနှင့် မတိမ်းမယိမ်းအရွယ် ကောင်လေး တွေ၊ ကောင်မလေးတွေက မနည်းလှပါကလား။ ခပ်နွမ်းနွမ်း၊ ခပ်ညှိုးညှိုး မျက်နှာနုနုလေးတွေ က ဝမ်းစာရှာပစ္စည်းလေးတွေကို ထမ်းပိုးထားကြတာ မြင်ရသည်။ ခပ်ဖွဖွနှင့် ပြိုင်တူခေါက်နေကြ သော လက်ချောင်းကလေးများ အလှုပ်တွင် နာကျင်သွားသော ရင်ဘတ်သည် ကျွန်တော်တစ်ဦး တည်း၏ ရင်ဘတ်သာ မဟုတ်နိုင် ပါ။

(မြန်မာသစ်မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၀)နောင်ကျော်

No comments:

Post a Comment