Friday, August 11, 2017

တရုတ် အထည်ချုပ်လုပ်ငန်း မြန်မာပြည်မှာ ဖွင့်ဖို့ အကြံပေး

မြန်မာနိုင်ငံအနေနဲ့ အလုပ်သမားဈေးကွက် ရရှိလာဖို့နဲ့အတူ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တိုးတက်ပြုလုပ်နိုင်ရန် တရုတ်နဲ့ ဟောင်ကောင်အခြေစိုက် အထည်ချုပ်ကုမ္ပဏီတွေကို ရင်းနှီးမြုပ်နှံခွင့်ပြုသင့်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Overseas Development Institute ODI ပညာရှင်အဖွဲ့ကပြုစုတဲ့ စာတန်းတစ်စောင်မှာ ဖေါ်ပြထားပါတယ်။ ဒီစာတန်းမှာ မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှု လျော့ချနိုင်ဖို့နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအပေါ်မှာ အာရုံထားလုပ်ကိုင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ တဆက်တည်း ရင်းနှီးမြုပ်နှံမှုလာလုပ်ဖို့ တရုပ်ကုမ္ပဏီတွေဟာ သင့်လျော်တယ်လို့ ဆိုပါတယ်။

ဒီအတွက် နိုင်ငံခြားကုမ္ပဏီများအပေါ် ကန့်သတ်ချက်များ လျော့ချဖို့လိုအပ်သလို ဘဏ္ဍရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ မူဝါဒတချို့ကို ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းကျွမ်းကျင်မှုတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်သလို စီမံခန့်ခွဲမှုကျွမ်းကျင်သူတွေ မွေးထုတ်ပေးဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
အခုလိုဆောင်ရွက်နိုင်ဖို့ရေရှည်မှာ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြုလုပ်တဲ့ ပုံစံမျိုးတွေ အထည်ချုပ်လုပ်ငန်း ကျွမ်းကျင်ပညာရှင်ကျောင်းတွေ၊ စီမံခန့်ခွဲမှုနဲ့ လိုအပ်တဲ့ အဆင့်မြင့် ကျွမ်းကျင်သူတွေ မွေးထုတ်ပေးမယ့် ကျောင်းတွေဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
RFA Burmese

No comments:

Post a Comment