Friday, August 11, 2017

ရှိုးပွဲတွင် ဒပ်ဘင်အက ကခဲ့သည့် နာမည်ကြီး ဆော်ဒီအဆိုတော် ဖမ်းဆီးခံရ

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ရှိုးပွဲတခုတွင်း သီဆိုဖျော်ဖြေချိန် ခေတ်စားနေတဲ့ ဒပ်ဘင် (Dabbing) စတိုင်အက ကခဲ့တဲ့ နာမည်ကြီး အဆိုတော်တဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့ ဒီအပြုအမူဟာ မူးယစ်ဆေးဝါး သုံးစွဲမှုကို ရည်ညွှန်းရာရောက်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ သြဂုတ် ၁၀ ရက်နေ့က ဖော်ပြပါတယ်။ေ ခတ်စားနေတဲ့ ဒပ်ဘင်စတိုင်အကဟာ လက်တဘက်ကို ကောင်းကင်ဘက် ဆန့်တန်းပြီး ဦးခေါင်းကို တခြားလက်တဘက်ရှိတဲ့ နေရာဆီ ကိုင်းညွတ်ပြရတာမျိုး ဖြစ်ပါတယ်။



နာမည်ကျော် ဆော်ဒီအဆိုတော် အဗ္ဗဒူလာ အယ်လ်ရှာဟာရာနီဟာ ခုသီတင်းပတ်အတွင်းက နိုင်ငံအနောက်တောင်ပိုင်း တေ့ဖ်ဖြို့မှာ သွားရောက်ဖျော်ဖြေချိန် ဖမ်းဆီးခံခဲ့ရတာပါ။

ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ရှေးရိုးဆန် အယူအစွဲကြီးတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားကော်မရှင်က အဆိုတော်ရဲ့ ခုလိုအက ကတဲ့ လှုပ်ရှားမှုဟာ မူးယစ်ဆေးဝါးသုံးစွဲမှုအပေါ် ရည်ညွှန်းနေတယ်လို့ ပြောလိုက်တာပါ။

ရုပ်သံအစီအစဉ်တင်ဆက်သူနဲ့ မော်ဒယ်တဦးလည်းဖြစ်တဲ့ အဗ္ဗဒူလာ အယ်လ်ရှာဟာရာနီရဲ့ အကရုပ်သံ ဗွီဒီယိုဖိုင်ကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကတော့ အဆိုတော်ဟာ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အစိုးရနဲ့ သူ့ရဲ့ပရိသတ်တွေကို ဒီအပြုအမူအတွက် တောင်းပန်စာရေးခဲ့ပါတယ်။

“သင့်အပေါ် ငြိမ်းချမ်းခြင်း လွှမ်းခြုံပါစေ” လို့ အစချီရေးထားခဲ့တဲ့ တောင်းပန်စာထဲမှာ သူက ဒီအပြုအမူဟာ တမင်ရည်ရွယ်ပြုလုပ်ခဲ့တာ မဟုတ်တဲ့အတွက် တောင်းပန်မှုကို နားလည်လက်ခံပေးစေလိုတယ်လို့ ရေးခဲ့တာပါ။

ဒပ်ဘင်စတိုင်အကဟာ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှ စတင်ခဲ့တာလို့ ယုံကြည်ကြပြီး ဟစ်ဟော့ပ်ဂီတနဲ့အတူ ရေပန်းစားလာခဲ့တာပါ။

ကကွက်ရဲ့ အမူအယာဟာ ဆေးခြောက်ရှူတာ၊ ဆေးခြောက်မှာ အဓိကပါဝင်ပစ္စည်းတခုဖြစ်တဲ့ တက်ထရာ ဟိုက်ဒရိုကန်နာဘီနောလ် (THC) ပါဝင်မှု ၉၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသုံးစွဲမှုကို ရည်ညွှန်းတာလို့လည်း ပြောကြပါတယ်။

တချို့ကတော့ ဒီကကွက်ဟာ ဆေးခြောက်အလွန်အကျွံ သုံးစွဲပြီးနောက် နှာချေတာကို ကိုယ်စားပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီကကွက်ဟာ ကမ္ဘာတလွှား ရေပန်းစားလာခဲ့ပြီး အားကစားသမားတွေရဲ့ အောင်ပွဲခံလှုပ်ရှားမှုတွေမှာတောင် တွေ့နေရတာ ဖြစ်ပါတယ်။

No comments:

Post a Comment