Friday, August 11, 2017

ရခိုင်ပြည်နယ်က ဝန်ထမ်းတွေကို ကုလ သတိပေး

ကုလသမဂ္ဂက ရခိုင်ပြည်နယ်မှာ သွားရောက်တာဝန်ထမ်းနေကြတဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေကို ဆူပူဆန္ဒပြမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ကြဖို့ သတိပေးထားကြောင်း မနေ့က သတင်းရပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာ မွတ်စလင်တွေကိုပဲ ကူညီထောက်ပံ့နေတယ်လို့ ဒေသခံလူထုကရှုမြင်ပြီး ရန်လိုမှုတွေ တနေ့တခြား ပိုများလာနေတဲ့အတွက် အခုလို သတိပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ သတိပေးချက်ကို ရခိုင်ပြည်နယ်မှာရှိတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ INGOs အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ အပါအဝင် လူစုစုပေါင်း ၃ဝဝ ခန့်ကို ဖြန့်ချိပေးပို့ထားတယ်လို့ သိရပါတယ်။

အစွန်းရောက်သမားတွေရဲ့ ရန်လိုလုပ်ဆောင်မှုတွေ၊ လူမှုမီဒီယာအသုံးပြုပြီး သွေးထိုးလှုံ့ဆော်မှုတွေကြောင့် နိုင်ငံတကာ ကယ်ဆယ်ကူညီရေးအဖွဲ့တွေအပေါ် အဆိုးမြင်မှုတွေ တိုးပွားလာနေကြောင်းနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ထူးခြားမှုရှိရင် သက်ဆိုင်ရာတွေကို အလျှင်အမြန် ဆက်သွယ်ပြောကြားဖို့လည်း အဲဒီ တိပေးချက်မှာ နှိုးဆော်ထားပါတယ်။
ကုလသမဂ္ဂဝန်ထမ်း ၄ ဦးလောက်က လတ်တလော ရက်ပိုင်းအတွင်း သူတို့ကို ရခိုင်တိုင်းရင်းသားတချို့က ရခိုင်ပြည်နယ်က ထွက်သွားဖို့ ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂကို သတင်းပို့ခဲ့ကြတယ်လို့ သိရပါတယ်။
RFA Burmese

No comments:

Post a Comment