Friday, August 11, 2017

နာမည်ကျော် ကျောက္ကာယွန်းထည်လုပ်ငန်း ပျောက်ကွယ်လုနီးဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာရှိ မြန်မာ့ရိုးရာယွန်းထည်လုပ်ငန်း ပညာကို ယခုအခါ စိတ်ပါဝင်စားမှု နည်းပါးလာခြင်းကြောင့် ပညာမျိုးဆက်ပြတ်မည့် အခြေအနေသို့ ရောက်ရှိနေပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။ လက်ရှိတွင် ယွန်းထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဈေးကွက်လိုအပ်ချက်လည်း ရှိနေပြီး ပန်းယွန်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အခက်အခဲများစွာ ရှိကြောင်း၊ ရင်းနှီးမတည်ရမည့် ငွေကြေးအပြင် ပန်းယွန်းအတတ်ပညာသည် အနုပညာဗီဇရှိသူသာ လုပ်ကိုင်နိုင်၍ ယနေ့ခေတ် လူငယ်များက စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့် ပညာသည်မျိုးဆက်ပြတ်မည့် အခြေအနေကို ရောက်ရှိနေပြီး ပန်းယွန်းပစ္စည်းများ ရောင်းချနိုင်သော ဈေးကွက်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ကျောက္ကာမြောက်ရွာမှ ပန်းယွန်းလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်မူ ယင်းလက်မှုပစ္စည်းများကို ရောင်းချနိုင်မည့် ဈေးကွက်လိုအပ်လျက် ရှိကြောင်း၊ လက်ရှိ၌ နိုင်ငံခြားသားခရီးသွားများကသာ ပန်းယွန်းလက်မှု ပစ္စည်းတွေကို ဈေးကြီးပေး ဝယ်ယူသော်လည်း ဒေသတွင်းသုံးအနေနဲ့ ဝယ်လိုအား မရှိကြောင်း ကျောက္ကာမြောက်ရွာရှိ ငွေကြယ်စင် ယွန်းထည်လုပ်ငန်းမှ ဦးစိုးမိုးကျော်က ပြောကြားသည်။
“ဘုရားပွဲဈေးတွေမှာ ဈေးနည်းတဲ့ ပစ္စည်းတွေလောက်သာ ထုတ်လုပ်ရောင်းချနေရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် နိုင်ငံခြားဧည့်သည် ဈေးကွက်နှင့် ရန်ကုန်မြို့၊ မန္တလေးမြို့အကြိုက် ယွန်းထည်များကို ကြိုတင်မှာစနစ်ဖြင့်သာ လုပ်ကိုင်တင်ပို့နေရပြီး ပြည်တွင်းသုံးအတွက်မူ ဈေးနည်းသည့် ပစ္စည်းများကိုသာ ထုတ်လုပ်မှုရှိကြောင်း ယွန်းလုပ်ငန်းရှင်များက ပြောဆိုသည်။
“ပစ္စည်းခိုင် မခိုင်ဆိုတာ သစ်စေးအကြိမ်ကြိမ် သုတ်လိမ်းထားတဲ့အပေါ် မူတည်ပါတယ်။ သစ်စေးဈေးကြီးတော့ ပြည်တွင်းဈေးကွက်အတွက် ဈေးနည်းတာပဲ ထုတ်နိုင်ပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
အဆိုပါ ပန်းယွန်းလုပ်ငန်းသည် ၁၉၇၀ ပြည့်နှစ်ခန့်က ပြည်တွင်းသုံးအဖြစ် တွင်ကျယ်စွာ ရှိခဲ့ကြောင်း၊ ကျောက္ကာရွာ တစ်ရွာလုံး ယွန်းလုပ်ငန်းဖြင့် အသက်မွေးကာ အဆိုပါ ခေတ်ကာလက နေအိမ်တိုင်း တွင်ယွန်းဖြင့် ပြုလုပ်သည့် လက်ဖက်အုပ်၊ ပန်းကန်ပြား၊ အဆင့်ချိုင့်၊ မင်္ဂလာအုပ်၊ ဘုရားဆွမ်းအုပ်နှင့် ဘုန်းတော်ကြီးသပိတ် စသည့် အသုံးအဆောင်များကို တွင်ကျယ်စွာ သုံးစွဲကြကြောင်း၊ ယခုအခါ ဈေးချိုသည့် အခြားအစားထိုးပစ္စည်းများ ဝင်ရောက်လာပြီးနောက် ယွန်းထည်များ အရောင်းကျလာကြောင်း ယွန်းထည်ဈေးကွက် အတွင်းမှ သိရသည်။
“ပုဂံမှာက နိုင်ငံခြားသားဧည့်သည် အမြဲရှိတော့ ဈေးကွက်ရှိသေးတယ်။ ကျောက္ကာရွာက ပန်းယွန်းလုပ်ငန်းက ဈေးကွက်မရှိတော့ တဖြည်းဖြည်းလုပ်တဲ့သူ နည်းလာပြီး တစ်ရွာလုံးမှာ နိုင်ငံခြားဈေးကွက်ဝင် ထုတ်တာလုပ်ငန်း တစ်ခုပဲ ကျန်တော့တယ်။ ဒေသသုံး ဘုရားပွဲဈေးတွေမှာ ဈေးနည်းနည်းနဲ့ ရောင်းနိုင်အောင် ထုတ်သူတွေက ၂၀ ဦးလောက်ပဲ ရှိတော့တယ်” ဟု ကျောက္ကာမြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောဆိုသည်။
The Voice

No comments:

Post a Comment