Friday, August 11, 2017

၆၆ (ဃ) ထောင်ဒဏ်လျှော့ချရန် ဥပဒေကြမ်းကော်မတီ လွှတ်တော်တင်

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုများကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ် ဖြစ်စေရန် ပြင်ဆင်လိုကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်ပြလိုက်သည်။ ယင်းဥပဒေကို ပြင်ဆင်ချက်အချို့ဖြင့် အမျိုးသားလွှတ်တော်က အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း အစီရင်ခံစာ တင်ပြလိုက်ခြင်း ဖြစ်သည်။

မူလအဆိုပြုချက်တွင် ‘ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်’ ဟု ပြဋ္ဌာန်းချက်၏ ‘သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ’ ဆိုသည့် စကားရပ်အစား ‘သုံးနှစ်အောက် ထောင်ဒဏ်ဖြစ်စေ’ ဟု ပြောင်းလဲ ပြင်ဆင်လိုက်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အာမခံပေးနိုင်သည့်ပြစ်မှု ဖြစ်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က တင်ပြပြောကြားသည်။
ယင်းပြဋ္ဌာန်းချက်ကို မူလအဆိုပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိဘဲ ‘ပုဒ်မ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့ကိုအာ မခံပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်’ ဟု အတည်ပြုထားသဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ၊ ဇယား (၂) နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း ၎င်းက ရှင်းပြသည်။
ထို့ကြောင့် အမျိုးသားလွှတ်တော်က အတည်ပြုထားချက် ဖြစ်သော ‘အာမခံ ပေးနိုင်သည့် ပြစ်မှုများအဖြစ် သတ်မှတ်သည်’ ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် အမျိုးသားလွှတ်တော်၏ အတည်ပြုထားချက် ဖြစ်သော ပုဒ်မ ၆၆ (ဃ) ပါ ‘ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း’ ဟူသော စာသားပါ ‘သို့မဟုတ်’ ဟူသော စကားရပ်ကို ပယ်ဖျက်၍ ‘ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း’ ဟူ၍ ပြင်ဆင်အတည်ပြုလိုကြောင်း ဦးထွန်းထွန်းဟိန်က ဆက်လက်ပြောဆိုသည်။
အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များ ဖြစ်သည့် ပုဒ်မ ၈၀ (ခ) ပါ ‘ဤဥပဒေအရ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်’ ဟူသော အချက်နှင့် ပုဒ်မ ၈၀ (ဃ) ၏ ပြဋ္ဌာန်းချက်ဖြစ်သော ‘ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဃ) ပါ ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်း ပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင် ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူက ဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်း မပြုရ’ ဟူသော ဥပဒေ စာသားများအတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်တွင် ပါရှိသည်။
ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြင်ဆင်ဆွေးနွေးလိုသူများ ရှိပါက သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
ယင်းဆက်သွယ်ရေး ဥပဒေသည် နစ်နာသူများ ရှိနေသောကြောင့် ပြင်ဆင်လိုကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာနက အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြင်ဆင်ချက်တို့သည် ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှု မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြထားသော်လည်း မဲအများစုဖြင့် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ သြဂုတ်လ ၂ ရက်နေ့တွင် ပေးပို့ထားခြင်း ဖြစ်သည်။
The Voice

No comments:

Post a Comment