Friday, August 11, 2017

H1N1 ရောဂါဖြင့် သေဆုံးသူ ၂၀ ဦးထိရှိလာ

လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူစုစုပေါင်း လူနာ (၅၁၀) ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၉၄) ဦးရှိခဲ့ပြီး သြဂုတ်၁၀ ရက် အထိ သေဆုံးသူစုစုပေါင်း (၂၀)ဦး ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၉) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၁၀) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၃၆) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁၁) ဦး တွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၈)ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၅၈)ဦး၊ စုစုပေါင်း (၆၆)ဦး ဆက်လက် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါ အခံများကြောင့် သေဆုံးသူစုစုပေါင်း (၁၅)ဦးရှိကြောင်းလည်း ထုတ်ပြန် ခဲ့သည်။
ခုခံကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန် အဆုတ် တီဘီရောဂါ စသည့် အခြားရောဂါ အခံရှိသော သူများနှင့် ရာသီတုပ်ကွေး ရောဂါ ပြင်းထန်စွာ ခံစားရနိုင်သော အသက်အရွယ်ကြီးသူများ၊ ကလေး ငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ အနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ အထူးသတိပြု လိုက်နာကြရန်နှင့် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ အချိန်မီထိရောက်စွာ ကုသမှုခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
ဇော်မင်းထွန်း
The Ladies News

No comments:

Post a Comment