Friday, August 11, 2017

UNFC နှင့် ဆွေးနွေးမှု အချက်လေးချက် သဘောတူညီမှုရ၊ ဆက်ဆွေးနွေးမည်

အပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ တရားဝင် တွေ့ဆုံ ဆွေးနွေးနေမှုတွင် အချက်လေးချက် သဘောတူညီမှု ရပြီဖြစ်ပြီး ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲမှ စုံစမ်းသိရသည်။ UNFC မှဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှု မပြီးပြတ်ခြင်းကြောင့် ယနေ့ (ဩဂုတ်လ ၁၁ ရက်)နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးရန်အတွက် UNFC က တောင်းဆိုချက် အချက် ရှစ်ချက်ကို တောင်းဆိုထားပြီး အဆိုပါ တောင်းဆိုချက်အပေါ် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးနေသည်မှာ ၁၄ လကျော် ကြာမြင့်ပြီဖြစ်သော်လည်း လက်ရှိတွင် အချက် လေးချက်ကိုသာ သဘောတူထားနိုင်ခြင်းဖြစ်သည်။
“ညှိနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးဘူးလို့ပဲ ပြောလို့ရပါတယ်။ ဆွေးနွေးတာတော့ လေးချက် ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောလို့ရတယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်စိုးက ပြောကြားသည်။
ထို့ပြင် DPN အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကရင်အမျိုးသား တိုးတက်ရေးပါတီ (KNPP) အထွေထွေ အတွင်းရေးမှူး ခူဦးရယ်ကလည်း လက်ရှိ ညှိနှိုင်းနေသည့် အချက်ရှစ်ချက် ဆွေးနွေးမှု အချိန်ကြာမြင့်လာခြင်းသည် မကောင်းသည့်ခံစားမှု ဖြစ်ပေါ်လာကြောင်း ယင်းတွေ့ဆုံပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မကြာခဏ ဆုံတွေ့ခဲ့ပေမယ့် မတူညီတဲ့ အကြောင်းအရာတွေနဲ့ ဝေါဟာရ စကားလုံးတွေကို ညှိနှိုင်းနေရတာတင် ဆယ့်လေးလကျော် ရှိပါပြီ။ ဒီလိုညှိနှိုင်းတာ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုဟာ သိပ်မကောင်းဘူးလို့ ခံစားရပါတယ်”ဟု ၎င်းက ပြောကြားသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC တို့သည် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးမှ ယခု တရားဝင် တွေ့ဆုံပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
UNFC မှ တောင်းဆိုထားသည့် အချက်ရှစ်ချက်တွင် အပစ်ရပ် ကြေညာရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့်သူများ ပါဝင်ရေး၊ အခြေခံဥပဒေကို ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်များဖြင့် ရေးဆွဲရေး၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်များနှင့် တပ်နေရာ ချထားရေး၊ အပစ်အခတ်စောင့်ကြည့်ရေးတွင် နိုင်ငံတကာမှ ပညာရှင်များ ပါဝင်ရေး အစရှိသည့် တောင်းဆိုချက်များကို အဆိုပြုထားသည်။
ဆွေးနွေးပွဲကို ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်ပြီး ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ JMC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်ပါဝင်ခဲ့ကြပြီး DPN ဘက်တွင် အဖွဲ့ခေါင်းဆောင် ခူဦးရယ်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးတို့ ဦးဆောင်ခဲ့ကြသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုး သားကောင်စီ (ANC)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စသည့် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်ငါးဖွဲ့ ကိုယ်စားပြု ပါဝင်နေသည်။
The Voice

No comments:

Post a Comment