Pages

Sunday, May 19, 2019

အလုပ်သမားများ တိုင်ကြားမှုနှင့်ပတ်သက်၍ တစ်သျှူးငှက်ပျောကုမ္ပဏီ လုပ်အားခပေးချေရန် တာဝန်ရှိသူများ ဆုံးဖြတ်

ဝိုင်းမော်မြို့တွင် တစ်သျှူးငှက်ပျောကုမ္ပဏီက လုပ်အားခမပေးဘဲ စာချုပ်ဖျက်သိမ်း သည်ဆိုကာ တိုင်ကြားထားမှု အတွက် ကုမ္ပဏီက အလုပ်သမား ခေါင်းဆောင် သုံးဦးအား လုပ်အားခ  ကျပ် ၃၆ သိန်းပေးရန် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်သည်။  ၀ိုင်းမော်မြို့နယ် တာနောကြီးရွာမှ တစ်သျှူးငှက်ပျော စိုက်ပျိုးရေး ကုမ္ပဏီဖြစ်သည့် ဟော့ရှန်းကုမ္ပဏီနှင့် အခကြေးငွေယူ၍ ငှက်ပျောစိုက်သော တောင်သူများကြား ပြဿနာကို ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော ညှိနှိုင်းဖျန်ဖြေရေးရုံးက မေလ ၁၇ ရက်တွင် ဖြေရှင်းခြင်း ဖြစ်သည်။

‘‘တစ်ယောက်ကို ကျပ် ၁၂  သိန်းပဲ ရတယ်။  ပြဿနာဆက် မဖြစ်ချင်တော့လို့ ကျေအေးလိုက်တယ်’’ ဟု ကုမ္ပဏီနှင့် စာချုပ်ချုပ်၍ ငှက်ပျောစိုက်ပျိုးခဲ့သော အလုပ်သမားခေါင်းဆောင် ဦးအေးမင်းထွန်းက ပြောသည်။

ဟော့ရှန်းကုမ္ပဏီနှင့် အလုပ်သမားခေါင်းဆောင် သုံးဦးသည် တစ်သျှူး ငှက်ပျောပင် ရှစ်ထောင်စိုက်ပျိုးရန် ဟော့ရှန်းကုမ္ပဏီနှင့် စာချုပ်ချုပ်ကာ ၂၀၁၈ ဇူလိုင်တွင် စတင်စိုက်ပျိုးခဲ့သည်။ စိုက်ပျိုးချိန်ကစ၍ အသီးသီးပြီး တရုတ်နိုင်ငံသို့ ပို့မည့်ကားပေါ် တင်သည့်အဆင့်ထိ  လုပ်ပေးရန် စာချုပ်ချုပ်သော်လည်း ယခုကာ လ ငှက်ပျောထွက်ချိန်တွင် အသီးများ ပုံမှန်ထက်ကြီးပြီး ပျက်စီးနေ သည်ဟု အကြောင်းပြကာ မောင်းထုတ်ခံရသည်ဟု  အလုပ်သမား ခေါင်းဆောင် ဦးအေးမင်းထွန်းက ပြောဆိုကာ မေလ ၈ ရက်၌ တိုင်ကြားခဲ့သည်။

ညှိနှိုင်းဖျန်ဖြေရေးရုံးက စိစစ်ပြီးနောက် အလုပ်သမား ခေါင်းဆောင် တစ်ဦီးလျှင် ကျပ် ၁၂ သိန်းစီဖြင့် သုံးဦးအတွက်  ကျပ်၃၆ သိန်းကို ကုမ္ပဏီကပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းငွေကြေးကို အလုပ်သမားများက မေလ ၂၀ ရက်မှသာ  ရရှိမည်ဖြစ်ပြီး လက်ရှိကာလ၌ အလုပ်သမားများသည် မိသားစုဝင် ၁၅ ဦးနှင့်အတူ  ၀ိုင်းမော်မြို့ရှိ ဆန်စက်အဟောင်း တစ်လုံးတွင် ယာယီနေထိုင်နေသည်။ ငွေရပါက နေရပ်သို့ ပြန်မည်ဟု ဆိုသည်။ယခုကာလသည် တစ်သျှူးငှက်ပျော ခုတ်သိမ်းချိန်ဖြစ်ပြီး အလုပ်သမားများနှင့် ကုမ္ပဏီများကြား  လုပ်ခလစာပြဿနာများ ဖြစ်ပွားနေသည်ဟု ဒေသခံအရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ အလုပ်သမားများသည် ငှက်ပျောရာသီ သိမ်းချိန်တွင် ၎င်းတို့၏ လုပ်ခလစာရယူလိုပြီး ကုမ္ပဏီများနှင့် ဖြစ်ပွားနေသော ပြဿနာများကို ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါက  မလိုလားအပ်သော  ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ထွန်းက ပြော သည်။

No comments:

Post a Comment