Pages

Wednesday, May 15, 2019

ဆီးရီးယားအစိုးရက တူရကီ-ရုရှားဆက်ဆံရေးကို ဖျက်ဆီးရန်ကြိုးစားနေဟု သမ္မတအာဒိုဂန်က စွပ်စွဲ

မေ ၁၂ ရက်က အစ္စတန်ဘူ၌ မိန့်ခွန်းပြောနေစဉ် လက်လေးချောင်းထောင်ကာ Rabia သင်္ကေတလုပ်ပြနေသည့် တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ် (Photo – AFP)စစ်ကြောင့်ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ထိုးစစ်ဆင်ခြင်းဖြင့် ဆီးရီးယားအစိုးရသည် တူရကီ နှင့် ရုရှားဆက်ဆံရေးကို ဖျက်ဆီးရန် ကြိုးစားနေသည်ဟု တူရကီသမ္မတရီဆပ်တေရစ်အာဒိုဂန်က စွပ်စွဲခဲ့သည်။ ဆီးရီးယားအနောက်မြောက်ပိုင်းရှိ အိုင်ဒလစ်ပြည်နယ်တွင် ပဋိပက္ခများကြောင့် ၂၄ နာရီအတွင်း တိုက်ခိုက်ရေးသမား ၄၂ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့က မေ ၁၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။ အိုင်ဒလစ်ပြည်နယ်တွင် အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံများ ပျက်စီးခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ရုရှား နှင့် တူရကီတို့ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ကြားခံနယ်မြေတစ်ခုသည် အိုင်ဒလစ်ပြည်နယ်တွင်နေထိုင်သူ သုံးသန်းခန့်ကို ကာကွယ်ပေးနိုင်မည်ဟု ယူဆရသည်။


သမ္မတ ဘာရှားအယ်လ်အာဆတ်၏ တပ်ဖွဲ့ဝင်များသည် ထိုးစစ်ဆင်ခြင်းဖြင့် တူရကီ-ရုရှားပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့သည်ဟု အာဒိုဂန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မေ ၁၃ ရက်နှောင်းပိုင်း၌ ဖုန်းပြောဆိုမှု၌ ပြောကြားခဲ့ကြောင်း တူရကီသမ္မတရုံးမှ ဆက်သွယ်ရေးညွှန်ကြား ရေးမှူး Fahrettin Altun က Twitter တွင် ထုတ်ပြန်ခဲ့သည်။


ဆီးရီးယားအစိုးရ၏ ထိုးစစ်တွင် ရုရှား တပ်ဖွဲ့များ ပါဝင်ခဲ့သည်ဆိုသော  အချက်အလက်ကို ဖုန်းပြောဆိုမှုတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ရုရှားနှင့်တူရကီသည် ဆီးရီးယားပဋိပက္ခတွင် ဆန့်ကျင်ဘက်အခြမ်းမှ ရပ်တည်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းစစ် ပဋိပက္ခ စတင်ခဲ့ပြီးနောက် ရုရှားသည် အာဆတ်ကို ခိုင်ခိုင်မာမာထောက်ခံခဲ့ပြီး တူရကီက ဆီးရီးယားသူပုန်များကို ထောက်ခံခဲ့သည်။ သို့သော် တူရကီနှင့် ရုရှားသည်  ဆီးရီးယားပဋိပက္ခကို နိုင်ငံရေးဖြေရှင်းနည်း ရှာဖွေရန် အီရန်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းနှစ်ပတ်အတွင်း အိုင်ဒလစ်၌ တင်းမာမှုလျော့ကျရေးဇုန်ကို ပစ်မှတ်ထားသည့် ဆီးရီးယားအစိုးရ၏ အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများသည် ကြောက်မက်ဖွယ်ရာအခြေအနေတစ်ခုသို့ ဆိုက်ရောက်လာပြီဟု အာဒိုဂန်က ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရက အိုင်ဒလစ်ပြည်နယ်တွင် အရပ်သားများ၊ စာသင်ကျောင်းများ နှင့် ဆေးရုံများအား တိုက်ခိုက်နေမှုသည် အကြမ်းဖက်မှုနှိမ်နင်းသည့် တိုက်ခိုက်မှုဟု မယူဆကြောင်း အာဒိုဂန်က ပူတင်ကို ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ဆီးရီးယားတွင် လုပ်ဆောင်နေဆဲ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်၏ကံကြမ္မာကို အဟန့်အတားဖြစ်နိုင်ခြေရှိသည်ဟုလည်း အာဒိုဂန်က သတိပေးခဲ့သည်။

တူရကီကာကွယ်ရေးဝန်ကြီး Hulusi Akar သည်လည်း အိုင်ဒလစ်တွင် စစ်ပွဲပြင်းထန်မှုလျော့ကျစေရေးကို ဆွေးနွေးရန် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoygu ကို မေ ၁၄ ရက်တွင် ဖုန်းခေါ်ဆိုခဲ့သည်ဟု နိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဆီးရီးယား၏ အယ်ကေးဒါးအဖွဲ့ဟောင်း Hayat Tahrir al –Sham(HTS) သည် အိုင်ဒလစ်ပြည်နယ်အပြင် အလက်ပို၊ ဟာမာနှင့် Latakia ပြည်နယ်တို့နှင့် ထိစပ်နေသည့်ဒေသများကို ထိန်းချုပ်ထားသည်။

Latakia ပြည်နယ်ရှိ  Jabal al – Akrad ဒေသတွင် မေ ၁၁ ရက်နှင့် ၁၂ ရက်အတွင်း ပဋိ ပက္ခများဖြစ်ပွားမှုကြောင့် အစိုးရသစ္စာခံ ၁၆ ဦးနှင့် ဂျီဟတ် ၁၉ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment