Pages

Thursday, May 23, 2019

သရုပ်ဆောင်အဆိုတော် မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း

မြန်မာပရိသတ်တွေကြားမှာ အဝင်းရယ်လို့ ချစ်စနိုးခေါ်ဝေါ်ပြီး အားပေးမှုရရှိထားသူက ဂျပန်နိုင်ငံမှာလည်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ သရုပ်ဆောင်အဆိုတော် မိုရီဆာကီဝင်းပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ Star Award ဆုပေးပွဲမှာလည်း Best Performance ဆုကို ရရှိခဲ့သူ အဝင်း အဓိက ပါဝင်တင်ဆက်ထားတဲ့ Win Shooow Time Season 2 ကိုလည်း ပရိသတ်တွေ မကြာခင် ကြည့်ရှုရတော့မှာပါ။ ဒါ့ကြောင့် Win Shooow Time Season 2 အပါအဝင် မိုရီဆာကီဝင်းရဲ့ အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်

မေး - ပထမဆုံးအနေနဲ့ Star Awards ဆုပေးပွဲက ချီးမြှင့်တဲ့ Best Performance ဆုနဲ့ ပတ်သက်တဲ့ ခံစားချက်လေးကို သိပါရစေ။

ဖြေ - ကျွန်တော့်ဘဝမှာ ဆုရတယ်ဆိုတာ ဒါက ဒုတိယမြောက်ပါ။ ပထမကတော့ ဇာတိမြေဇာတ်ကား ရိုက်ကူးချိန်တုန်းက Shwe FM ရှစ်နှစ်ပြည့်ပွဲမှာ ရခဲ့တာပါ။ ဆုနှစ်ဆုလုံးက ကိုယ်မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံမှာ ရခဲ့တာဖြစ်လို့ ဝမ်းသာမိတယ်။ ဒီဆုတွေနဲ့ ပတ်သက်တဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။  ဆုရခဲ့တာလည်း ကျွန်တော်တစ်ယောက်တည်း တော်လို့ မဟုတ်ပါဘူး။ ဇာတိမြေဇာတ်ကားမှာ ပါဝင်ကြတဲ့ ဝိုင်းဝန်းကြတဲ့သူတွေ အားလုံးရဲ့ ပူးပေါင်းမှုနဲ့ ကြိုးစားမှုတွေကြောင့်လို့ပဲ ထင်ပါတယ်။ ကျွန်တော်ယုံကြည်ရတဲ့ သူတွေပေးတဲ့ ဆုဖြစ်လို့လည်း ကျွန်တော်ပိုပြီး ဝမ်းသာသင့်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ဒီနေ့ပျော်ပေမယ့် နောက်နေ့ကစပြီး ကိုယ့်မှာလိုနေတာတွေကိုပဲ ပြန်ကြည့်ပြီး ပိုကောင်းအောင် ဆက်ပြီးကြိုးစားမှာပါ။


မေး - Win Shooow Time Season 2 ရိုက်ဖြစ်တဲ့ ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး

ဖြေ - ဒီအစီအစဉ်ကို ရိုက်ကူးခွင့်ရတဲ့အတွက် ကျွန်တော် မြန်မာနိုင်ငံကို ခဏခဏ လာခွင့်ရတယ်။ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတာမျိုး မဟုတ်ပေမယ့်လည်း ပရိသတ်တွေနဲ့ နီးနီးကပ်ကပ် နေခွင့်ရတယ်လို့ ခံစားရတယ်။ အဲဒီအတွက် ကျွန်တော်ပျော်တယ်။ အဲဒါကြောင့်လည်း ပရိသတ်တွေက ဒီအစီအစဉ်လေးကို အားပေးကြဖို့ ပြောချင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတဲ့အခါ မြန်မာအစားအသောက်တွေ အများကြီး စားခွင့်ရတဲ့အတွက်လည်း ပိုပြီးပျော်တယ်။ အားလုံးကလည်း ကျွန်တော်က စားချင်တယ်ဆိုရင် ဝယ်လာပေးကြတယ်လေ။

မေး - Win Shooow Time Season 2 မှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ပါဝင်ထားလဲ သိပါရစေ။

ဖြေ - Win Shooow Time မှာ အစီအစဉ်တွေ အများကြီး ပါဝင်ပါတယ်။ အရသာအစုံပါဝင်မယ့် အစီအစဉ်ပါ။ ကျွန်တော်တို့လည်း ဂိမ်းကစားနည်းတွေ အများကြီး ဆော့ထားသလို နေရာအတော်များများကိုလည်း ရောက်ဖြစ်ခဲ့တယ်။ ခရီးသွားတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ နောက်ပြီး ကျွန်တော်မတွေ့ဖူးသေးတဲ့ မြန်မာနိုင်ငံက နာမည်ကျော်အနုပညာရှင်တွေအများကြီးလည်း ပါဝင်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် Win Shooow Time Season 2 က Season 1 တုန်းကထက်ပိုပြီး ကြည့်ရှုတဲ့ပရိသတ်တွေကို အရသာတွေ့စေမယ့် အစီအစဉ်ကောင်းတစ်ခု ဖြစ်မှာပါ။

မေး - Win Shooow Time Season 1 နဲ့ Season 2 မှာ အဝင်းအတွက် ဘယ်လိုတွေ ကွာခြားသွာမျိုးရှိလဲ။

ဖြေ - Season 1 မှာတုန်းကတော့ ပြောရမယ်ဆိုရင် ကျွန်တော်က Main MC တစ်ခါမှ မလုပ်ဖူးဆိုတော့ဗျာ ဘယ်လိုတွေ ပြောရမလဲ၊ ဘယ်လိုတွေ လုပ်ရမလဲဆိုတာကို ကောင်းကောင်းမသိခဲ့ဘူး။ သေချာမသိခဲ့တာတွေ များတယ်။ Season 2 မှာတော့ Season 1 တုန်းက ရခဲ့တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ကြိုးစားထားပါတယ်။ အတူပါဝင်ပေးတဲ့ MC မအိမ့်ချစ်ကလည်း အများကြီး ကူညီပါတယ်။

မေး - ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတာတွေက ဘယ်လိုတွေကွာခြားမှုရှိလဲ။

ဖြေ - အဲဒါကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လုပ်ပုံလုပ်နည်းချင်းက မတူကြဘူးဆိုတော့ ဘယ်ဟာက ကောင်းတယ်၊ မကောင်းဘူး ပြောရခက်ပါတယ်။ ကျွန်တော်တို့ အနုပညာသမားတွေကတော့ ပါဝင်ရမယ့်အပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ လိုတာပါ။

မေး - မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတဲ့ အခက်အခဲဆိုရင်ကော။

ဖြေ - အဲဒါကတော့ တစ်ခါတလေမှာ ကျွန်တော်ကပြောချင်တဲ့ စကားမျိုးတွေရှိပေမယ့် တကယ်တမ်းပြောလိုက်ဖို့ ပြောမထွက်နိုင်တာမျိုးတွေ ရှိတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော့်ကို အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးကြပါတယ်။

မေး - အဝင်းအနေနဲ့ ဇာတ်ကားတွေရိုက်ကူးဖို့ စီစဉ်ထားတာရှိရင်လည်း ပြောပြပေးပါဦး

ဖြေ - မြန်မာနိုင်ငံမှာ ဇာတ်ကားရိုက်ကူးဖို့ ပရိုဂျူဆာတစ်ယောက်နဲ့ စကားပြောထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ရိုက်ဖြစ်မလား မရိုက်ဖြစ်ဘူးလာတော့ မသေချာသေးပါဘူး။ ဂျပန်နိုင်ငံမှာတော့ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးသွားဖို့ ရှိပါတယ်။

မေး - ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်

ဖြေ - ရှေ့ဆက်ပြီးတော့လည်း ကျွန်တော့်မှာရှိတဲ့ အိပ်မက်တွေအများကြီးကို အကောင်အထည်ဖော်နိုင်အောင် အများကြီးဆက်ပြီး ကြိုးစားသွားမှာပါ။ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျွန်တော်လုံးဝမမေ့ပါဘူး၊ ကျေးဇူးအများကြီးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း ကျွန်တော့်ကိုအားပေးပါဦးလို့ ပြောချင်ပါတယ်။

No comments:

Post a Comment