Pages

Wednesday, May 22, 2019

အင်ဒိုနီးရှားတွင် မူးယစ်မှောင်ခိုမှုဖြင့် စွဲချက်တင်ထားသည့် ပြင်သစ်နိုင်ငံသားကို သေဒဏ်ချ

အင်ဒိုနီးရှား တရားရုံးတရုံးက မူးယစ်မှောင်ခိုမှုနဲ့ စွဲချက်တင်ထားတဲ့ ပြင်သစ်နိုင်ငံသား တယောက်ကို မေလ ၂၀ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီပြင်သစ်နိုင်ငံသားကို ထောင်ဒဏ်အနှစ် ၂၀ ချဖို့ အစိုးရရှေ့နေတွေက ကနဦး အဆိုပြုခဲ့ပေမယ့် တရားရုံးက သေဒဏ်ချခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ဖီလိ ဒေါ်ဖန်ဟာ ၂ ကီလိုဂရမ်ကျော် အလေးချိန်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ပြင်သစ်နိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ကျွန်းကို မှောင်ခိုသယ်ဆောင်လာတဲ့ ပြစ်မှုနဲ့ ၂၀၁၈ စက်တင်ဘာလက အဖမ်းခံခဲ့ရတာပါ။


ဖီလိ ဒေါ်ဖန်ဟာ ဆေးခြောက်နဲ့ စိတ်ကြွဆေးဝါးတွေ အပါအဝင် မူးယစ်ဆေးဝါးတွေကို ခရီးဆောင်အိတ်တခုထဲမှာ ထည့်လာတာ တွေ့ရပေမယ့် ဆေးစစ်ကြည့်လိုက်တဲ့အခါ မူးယစ်ဆေး သုံးထားတာ မတွေ့ရပါဘူး။

အဲဒါကြောင့် သူဟာ ရောင်းဝယ်ဖောက်ကားဖို့သက်သက် ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ယူဆပါတယ်။

သေဒဏ်အမိန့်အတွက် အသနားခံစာ တင်သွားမယ်လို့ ဖီလိ ဒေါ်ဖန်ရဲ့ ရှေ့နေက ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေဟာ မူးယစ်ဆန့်ကျင်ရေး ဥပဒေတွေ ချမှတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက မူးယစ်မှောင်ခိုကူးမှုနဲ့ သြစတြေးလျနိုင်ငံသား နှစ်ယောက် အပါအဝင် ပြည်ပနိုင်ငံသားတချို့ကို သေဒဏ်စီရင်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ခံခဲ့ရပါတယ်။

No comments:

Post a Comment