Pages

Monday, May 27, 2019

ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဘာကြောင့်နှုတ်ထွက်ရသလဲ၊ ကာယကံရှင်ကိုယ်တိုင်ရှင်းလင်းပြောဆို

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ၎င်းနုတ်ထွက်ရသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဟု ပြောဆိုလိုက်သည်။ သတင်းမီဒီယာအချို့တွင် ရေးသားဖော်ပြထားသော ဘားအံမြို့ဖူဆယ်ကွင်းကိစ္စကြောင့် ၄င်း နှုတ်ထွက်သွားသည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်းလည်း ဦးတေဇထွဋ်လှိုင်ထွေးက ငြင်းဆိုခဲ့သည်၊၊ေ မ ၂၃ ရက်နေ့တွင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၎င်း၏သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။



“ပထမတချက်အနေနဲ့ ကျွန်တော် ဘာကြောင့်နှုတ်ထွက်ရသလဲအပေါ့်ပွင့်ပွင့်လင်းလင်းဝန်ခံရရင်တော့ အိမ်မှာ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်နဲ့ အိမ်တွင်းရေးကိစ္စ နည်းနည်းစကားများတာရှိတယ်။ နံပါတ်နှစ်အချက်ကတော့ ကျွန်တော့်အိမ်ကမိသားစုကိစ္စပေါ့နော် အိမ်တွင်းရေးကိစ္စ ကျွန်တော့်အိမ်မှာပေါ့နော် အစ်ကိုတွေအစ်မတွေနဲ့နည်းနည်းလေးအချေအတင်ဖြစ်တာလေးလည်းရှိတယ်။ နံပါတ်သုံးကတော့ ကိုယ်ကိုကိုယ် အားမရတာလည်းပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်တာဝန် မကျေဘူးလို့ ယူဆတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်ခံစားရတယ်ပေါ့နော်။ တခြားဘာကိစ္စနဲ့မှ ထွထွေထူးထူးမရှိဘူး” ဟုဦးတေဇထွဋ်လှိုင်ထွေးက ပြောသည်။

ယင်းအနေဖြင့် ပြည်နယ်ဝန်ကြီးအဆောင်အယောင်များအား မေ ၂၁ ရက်နေ့ကတည်းက ကရင်ပြည်နယ်အစိုးရအဖွဲ့အား အပ်နှံခဲ့ပြီးဖြစ်ကြောင်း၊ တာဝန်များကိုမူ လတ်တလော မလွှဲပေးနိုင်သေးပဲ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းအစည်းအဝေးနှင့် လုပ်ထားကိုင်ထားသည်များကိုလက်စသတ်ရရန်အတွက် အချိန်နည်းနည်းပေးရန် ပြည်နယ်အစိုးရအဖွဲ့ကို မေ ၂၄ ရက်နေ့က တင်ပြထားကြောင်း၎င်းကပြောသည်။

ဦးတေဇထွဋ်လှိုင်ထွေးသည် ၂၀၁၅ ခုနစ် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်၌ ဗမာတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၌ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment