Pages

Wednesday, May 29, 2019

ကွန်ဂိုမှာ သင်္ဘောမှောက် လူ ၄၅ ယောက်သေဆုံး၊ လူ ၂၀၀ ပျောက်ဆုံးနေ

ကွန်ဂိုဒီမိုကရတ်တစ်သမ္မတနိုင်ငံအနောက်ပိုင်း၊ မိုင်နဒွန်ဘီရေကန်မှာ မေ ၂၆ ရက်က သင်္ဘောတစ်စင်းမှောက်ခဲ့လို့ အနည်းဆုံးလူ ၄၅ ယောက်သေဆုံးခဲ့ပြီး နောက်ထပ်ခရီးသည်အယောက် ၂၀၀ လောက်ပျောက်ဆုံးနေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ လူ ၄၀၀ ကျော်လိုက်ပါသွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်တွိုင်နီ မာဆမ်ဘာကပြောပါတယ်။ အဲဒီသင်္ဘောပေါ်ပါသွားတဲ့လူအများစုက လစာသွားထုတ်ကြတဲ့ကျောင်းဆရာတွေလို့ ဒေသမြို့ဝန်တစ်ယောက်က ပြောတယ်လို့ BBCကဖော်ပြပါတယ်။



လှိုင်းကြီးနေချိန်မှာ လူတွေပြည့်နေပြီး ဟောင်းနွမ်းနေတဲ့သင်္ဘောပေါ်ပါသွားပြီး သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ် ၁၁ ယောက်ပါတယ်လို့လည်း ပြောပါတယ်။

စနေနေ့ညနေပိုင်းမှာ အဲဒီသင်္ဘောမှောက်ခဲ့တာဖြစ်ပြီး ကမ်းကနေခွာခဲ့တဲ့အီနွန်ဂိုမြို့ကနေ ၁၈ မိုင်လောက်အကွာမှာ မှောက်ခဲ့တာပါ။

မာလိန်မှူးကိုဖမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေစလုပ်နေပြီလို့ အီနွန်ဂိုမြို့ဝန်ဆိုင်မွန် မာဘူးဝမ်ဘာက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေက ၂ ပတ်၊ ၃ ပတ်လောက်ကြာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒီမိုကရတ်တစ်ကွန်ဂိုသမ္မတနိုင်ငံဟာ ကားလမ်းကွန်ရက်နည်းပြီး နိုင်ငံရဲ့နေရာတော်တော်များများဟာ ရေကြောင်းနဲ့လေကြောင်းတို့ကမသွားရင် မရောက်နိုင်သလို နိုင်ငံရဲ့အဓိကလမ်းကြောင်းလမ်းကလည်း ကွန်ဂိုမြစ်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ကီဗူးကန်မှာ လှေမတော်တဆမှု ၂ မှုကြောင့် အနည်းဆုံးလူ ၁၆၇ ယောက်သေဆုံးခဲ့ပါတယ်။

No comments:

Post a Comment