Pages

Sunday, May 5, 2019

ငြိမ်းချမ်းရေးဗိသုကာ ဂန္ထဝင်စာပေပညာရှင်ဆရာကြီး ဒဂုန်တာရာနှစ် ၁၀၀ပြည့်မွေးနေ့ပွဲကျင်းပ

ငြိမ်းချမ်းရေးဗိသုကာ ဂန္ထ၀င် စာပေပညာရှင် ဆရာကြီး ဒဂုန်တာရာ နှစ် ၁၀၀ပြည့်မွေးနေ့ ဂါရဝဂုဏ်ပြုပွဲကို ယနေ့ ( မေ ၅)နံ နက်ပိုင်းက ရန်ကုန်မြို့၊ စာပေဗိမ္မာန် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါမွေးနေ့ပွဲအခမ်းအနားတွင် စာရေးဆရာ၊ဆရာမများနှင့် စာပေဝါသနာပါသူ ၅၀ဦးခန့်တက်ရောက်ခဲ့ပြီး ဆရာ ပါမောက္ခ ဒေါက်တာသန်းဝင်း၊ စာရေးဆရာကိုလေးမြတ်၊ စာရေးဆရာမ ကြူကြူသင်း၊ စာရေးဆရာမ စမ်းစမ်းနွှဲ(သာယာဝတီ)နှင့် စာရေးဆရာ၊ ဆရာမအချို့က အမှတ်တရဂုဏ်ပြုစကားပြောကြားခဲ့သည်။


" ကျွန်တော်ရယ်၊ မရီငွေရယ်၊ မြသွေးယုရယ်၊ ပန်းချီဆရာမမငွေရယ်၊ ကိုအေးငွေရယ်၊ ကိုထွန်းဦးရယ်၊ မောင်မှန်ဆိုတဲ့ စာရေး ဆရာရယ် အဲ့လောက်က ပေါင်းပြီးတော့ ကျင်းပရခြင်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆရာကြီးကို ဒီတသက်မှာ ဒီတခါပဲ ဂါရ ဝပြုရခြင်းဖြစ်ပါတယ်"ဟု အခမ်းအနားကို ဦးဆောင်ကျင်းပပြုလုပ်သူတဦးဖြစ်သည့် စာရေးဆရာ ဦးတင်ဦးလေးက ပြောသည်။

ထို့အပြင် ဆရာကြီးဒဂုန်တာရာကို မွေးဖွားခဲ့သည် မေလ၁၀ရက်နေ့တွင် ဆရာကြီးဂူဗိမ္မာန်ရှိ ရာ ရှမ်းပြည်နယ်၊အောင်ပန်းမြို့ တွင်လည်း ဆရာကြီး၏ နှစ်၁၀၀ပြည့် မွေးမေန့ ဂုဏ်ပြုအခမ်းအနားကို ဆရာကြီးကို လေးစားကြည်ညိုကြသည့် စာပေပညာရှင်များစုပေါင်းကာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆရာကြီးဒဂုန်တာရာကို ၁၉၁၉ခုနှစ် မေလ၁၀ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လက်မြို့အနီး၊ ဒေးဒရဲမြို့နယ်၊ ထိုင်ကူမြစ်တန်းရွာ တွင်အဖဦးဘအုံး၊ အမိဒေါ်ဖွားရှင်တို့မှ မွေးဖွားခဲ့ပြီး ငယ်မည်မှာ ကိုဌေးမြိုင်ဖြစ်သည်။ ၁၄နှစ်သားအရွယ်မှ စ၍ ကဗျာများစတင်ရေးသားခဲ့သည်။
၁၉၄၀ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အိုဝေမဂ္ဂဇင်း အယ်ဒီတာတာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို အရိုင်းဟုလည်း ခေါ်ဆိုသမုတ်ခဲ့သေးသည်။ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး တာရာမဂ္ဂဇင်းကိုလဲ ဦးစီးထုတ်ဝေခဲ့သည်။ ၁၉၆၃ခုနှစ်တွက် ပြည်တွင်ငြိမ်းချမ်းရေး ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် အင်းစိန်ထောင်တွင် ထိန်းသိမ်း ခြင်းခံခဲ့ရသည်။ ဆရာကြီးဒဂုန်တာရာသည် အသက် ၉၄နှစ် အရွယ် ၂၀၁၃ သြဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်အောင်ပန်း မြို့ နေ အိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment