Pages

Tuesday, May 14, 2019

ဇနီးနှင့်သမီးကို တရားမဝင်လာရောက်တွေ့ဆုံသည့် ထိုင်းနိုင်ငံသား ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ မေလ ၁၃ ရက် ညနေက တရားမဝင် ၀င်ရောက်လာပြီး ဇနီးနဲ့ သမီး ၂ ယောက်ကို လာရောက်တွေ့ဆုံတဲ့ ထိုင်းနိုင်ငံသား တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ် လဝက ဦးစီးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကနေ မြဝတီမြို့ကို တရားမဝင်ဝင်ရောက်လာပြီး မြဝတီမြို့က တဆင့် ညောင်လေးပင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို မေလ ၁၂ ရက်က ရောက်ရှိလာကာ ဇနီးသည်အိမ်မှာ ညအိပ်နေထိုင်ခဲ့တာကို သတင်းရရှိလို့ မေလ ၁၃ ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။



ဖမ်းဆီးရမိသူမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီး ဟော့ကလုပ်ရွာမှာနေထိုင်သူ စွန်ဒက်ဂျန်တာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ခဲ့တဲ့ ညောင်လေးပင်မြို့နယ် ဇရပ်ကုန်းရွာက ဒေါ်နီလာဝင်းဆိုသူနဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က အိမ်ထောင်ကျခဲ့ပြီး သမီး နှစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။

ဇနီးနဲ့သမီးနှစ်ယောက်က ပြည်တွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နေတာကြောင့် ဇနီးနဲ့ သမီးတွေကို လာရောက်တွေ့ဆုံစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့နယ်လဝကဦးစီးမှူး ဦးစောနိုင်က ဒီဗွီဘီ ကိုပြောပါတယ်။

မြို့နယ်လဝက ဦးစီးမှူး ဦးစောနိုင် က “ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သူနဲ့ ရရှိခဲ့တယ်ဆိုတဲ့ ကလေးနှစ်ယောက်ကိစ္စကို တိုင်းကို ဆက်လက်တင်ပြပြီး တိုင်းက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။

တရားမဝင်ဝင်ရောက်လာသူ ထိုင်းနိုင်ငံသား စွန်ဒက်ဂျန်တာကို ပိန်းဇလုပ်နယ်မြေ ရဲစခန်းက အမှုဖွင့်ထားရှိပြီး လဝက ဥပဒေပုဒ်မ ၁၃ (၁) နဲ့ တရားစွဲဆိုသွားမယ်လို့ သိရတယ်။

No comments:

Post a Comment