Pages

Tuesday, May 14, 2019

မြန်မာနိုင်ငံ၏နောင်အနှစ် ၂၀ အနာဂတ်မှာ ယနေ့လူငယ်များအပေါ် မူတည်နေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ပြော

မြန်မာနိုင်ငံ၏ နောင်အနှစ် ၂၀ အနာဂတ်သည် ယနေ့လူငယ်များတော်တတ်သည့်အပေါ်မူတည်နေကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြောလိုက်သည်။ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် မေလ ၁၃ ရက်ကကျင်းပသော မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းနှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲတွင် သတင်းမီဒီယာများသို့ ဖြေကြားပေးခြင်း ဖြစ်သည်။



“ တကယ်တမ်းတိုင်းပြည်တစ်ခုကို ကြည့်လို့ရှိရင် ကျွန်မတို့ မြန်မာနိုင်ငံကြီးနောင်အနှစ် ၂၀ ဘာဖြစ်မှာလဲဆိုရင် ဒီနေ့ လူငယ်တွေဘယ်လောက်တိုးတက်နေသလဲအပေါ်မူတည်တာပေါ့။ ဘယ်လောက်တော်နေလဲ။ တတ်နေလဲ။ ဒီနေ့လူငယ်တွေတော်နေတတ်နေတယ်ဆိုရင် ဒီနေ့လူငယ်တွေက နောင်အနှစ် ၂၀ လောက်မှာ လူကြီးဖြစ်ပြီးတော့ တိုင်းပြည်ကိုဦးဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒီနေ့လူငယ်တွေ တော်နေတယ်။ တတ်နေတယ်။ ကြိုးစားနေတယ်ဆိုရင် ကျွန်မတို့အနာဂါတ်ကကောင်းတယ်ပေါနော့်။ အဲဒါကြောင့် လူငယ်တွေရဲ့ အခန်းကဏ္ဍကိုသေချာလေးကိုလူကြီးတွေကလူငယ်တွေကိုနေရာပေးရမယ်။ အတွေ့အကြုံရအောင် လူငယ်တွေကိုခိုင်းပေးရမယ်’’ ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြောသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ တိုင်းပြည်တွင် အမြဲတမ်းနေထိုင်သူ ၅၁.၄ သန်းကျော်ရှိပြီး ကျား ၂၄.၈ သန်းကျော်နှင့် မ ၂၆.၆ သန်းကျော်ရှိကာ အသက် ၁၄ နှစ်အတွင်းရှိ ကလေးငယ် ဦးရေ ၂၅.၄ ရာခိုင်နှုန်း၊ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ လူဦးရေမှာ ၆၈.၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၃၉.၉ သန်းမှာ စာရေးနိုင်၊ ဖတ်နိုင်ပြီး စာမတတ်မြောက်သူဦးရေမှာ ၃.၅၅ သန်းရှိကာ အသက်၁၅ နှစ်နှင့်အထက် စာတတ်မြောက်သူရာခိုင်နှုန်းမှာ ၈၉.၅ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားများသည် ၉၂.၆ ရာခိုင်နှုန်းရှိရာ အမျိုးသမီးများ ၈၆.၉ ရာခိုင်နှုန်းထက် စာတတ်မြောက်မှုရာခိုင်နှုန်း ပိုမိုများပြားကြောင်း သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။

No comments:

Post a Comment