Pages

Wednesday, May 29, 2019

အမေရိကန်သို့ တရုတ်ခရီးသွားဝင်ရောက်နှုန်း ၁၅ နှစ်အတွင်းပထမဆုံးအကြိမ် ကျဆင်း

၂၀၁၈ ခုနှစ်အတွင်းအမေရိကန်ပြည်ထောင်စုသို့ တရုတ်ခရီးသည် ဝင်ရောက်နှုန်းသည် ရှေ့နှစ်ကနှင့်ယှဉ်လျှင် ၅ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးဦးရေ၂ ဒသမ ၉ သန်းသာဝင်ရောက်ခဲ့သည်။ စာရင်းကိုအမေရိကန် ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာဌာနကထုတ်ပြန်ခြင်းဖြစ်သည်။ ၂၀ဝ၃ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် အမေရိကန်သို့ တရုတ်ခရီးသည် ဝင်ရောက်မှု ကျဆင်းခြင်းလည်း ဖြစ်သည်။



အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် ဆက်ဆံရေးတင်းမာနေခြင်းရလဒ်တစ်ခုလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကအမေရိကန်သို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသားများသေနတ်ပစ်ခတ်မှု၊ ဓားပြတိုက်မှု၊ ဆေးကုသစရိတ် ကြီးလေးမှုများကြောင့် သတိထားရန် တရုတ်အစိုးရကသတိပေးစာထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရကလည်းတန်ပြန်ကာတရုတ်သို့ သွားရောက်လည်ပတ်မည့် အမေရိကန်နိုင်ငံသားများအားသတိပေးစာထုတ်ပြန်ခဲ့သည်။

၂၀ဝ၀ ပြည့်နှစ်ကအမေရိကန်သို့ တရုတ်ခရီးသည် ၂၄၉၀ဝ၀ ဦးဝင်ရောက်ခဲ့ပြီး ၂၀၁၀ တွင် သုံးဆတိုးကာ ၈၀၂၀ဝ၀ ဦး ဖြစ်လာသည်။ ၂၀၁၅ တွင်လည်းသုံးဆတိုးလာကာ ၂ ဒသမ ၄ သန်းဝန်းကျင်ထိရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံတွင် ငွေကြေးသုံးစွဲနိုင်သောလူလတ်တန်းစားတိုးပွားလာခြင်း၊ ခရီးရှည်လေကြောင်းလိုင်းများတိုးပွားလာခြင်းတို့သည် ခရီးသည် တိုးပွားလာသည့် အဓိကအချက်များ ဖြစ်သည်။

၂၀၁၆ နှင့် ၂၀၁၇ တို့တွင်လည်းအမေရိကန်သို့ တရုတ်ခရီးသည် သုံးသန်းကျော်စီဝင်ရောက်ခဲ့သည်။ တရုတ်ခရီးသည် ဝင်ရောက်မှု ကျဆင်းခြင်းသည် ယာယီသာဖြစ်နိုင်ပြီး ၂၀၁၉ ခုနှစ်အတွင်းရှေ့နှစ်ကထက် ၂ ရာခိုင်နှုန်းတိုးကာ ၃ ဒသမ ၃ သန်းထိဝင်ရောက်နိုင်ပြီး ၂၀၂၃ တွင် ၄ ဒသမ ၁ သန်းထိ ဖြစ်လာနိုင်ကြောင်းအမေရိကန်အစိုးရကခန့်မှန်းထားသည်။

No comments:

Post a Comment