Pages

Sunday, May 26, 2019

အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်များ ထုတ်လုပ်ဖြန့်ဖြူး သိုလှောင် လက်ဝယ်ထားသူများနှင့် ပတ်သက်၍ သတင်းပေးပါက ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ဆုချီးမြှင့်မည်

အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်များ ထုတ်လုပ်ဖြန့်ဖြူး သိုလှောင် လက်ဝယ် ထားသူများနှင့် ပတ်သက်၍ သတင်းပေးပါက ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ကို ဆုအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် မေ ၂၅ ရက်တွင် ကြေညာခဲ့သည်။



အဆိုပါ ကြေညာချက်တွင် အရက်၊ စီးကရက်၊ ဝိုင်၊ ဆေးပေါ့လိပ်တို့သည် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အထူးကုန်စည်များ ဖြစ်ကြောင်း၊ ယင်းကုန်စည်များကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှု မရှိခြင်းသည် အထူးကုန်စည်ခွန် ထမ်းဆောင်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် အထက်ပါ ကုန်စည်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း မရှိဘဲ ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထား ရှိခြင်းနှင့် သိုလှောင်ထားရှိခြင်းတို့ တွေ့ရှိပါက ဖုန်းနံပါတ် ၀၆၇-၄၃၀၄၀၉၊ ၀၆၇- ၄၃၀၀၁၄ နှင့် ၀၉-၅၀၆၁၈၆၇ တို့သို့ တိုင်ကြားနိုင်သည့်အပြင် ird.trainingnpt@gmail.comသို့လည်း တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ သတင်းပေး တိုင်ကြားချက်အရ စစ်ဆေးတွေ့ရှိပါက လက်ဝယ်တွေ့ရှိသူအား ဥပဒေနှင့်အညီ ဒဏ်ငွေတပ်ရိုက်မည်ဖြစ်ပြီး ကောက်ခံရရှိသည့် ဒဏ်ငွေ၏ ရာခိုင်နှုန်း ၂၀ ကို သတင်းပေး တင်ပြသူအား ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်မည်ဖြစ်ကြောင်း၊ သတင်းပေးသူကို မည်သူမည်ဝါ ဖြစ်သည်ကို ထုတ်ဖော်တင်ပြခြင်း မပြုကြောင်း၊ ယင်းကြောင့် အထောက်အထား အပြည့်အစုံဖြင့် သတင်းပေး တိုင်ကြားခြင်းဖြင့် ကူညီ၍ ဆုငွေများ ထုတ်ယူနိုင်ကြရန် အသိပေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် အရက်ဆီတစ်ပီပါ (၂၂၇ လီတာ) လက်ဝယ်ထားရှိသူ ပေးဆောင်ရမည့် ဒဏ်ကြေးသည် ကျပ် ၂၃၀၀၀၀ (ခန့်မှန်းဈေးကွက် ပေါက်ဈေးအရ) ဟု သတ်မှတ်ထားပြီး ယင်းအပေါ် သတင်းပေး တိုင်ကြားသူရရှိမည့် ဆုကြေးငွေမှာ ရာခိုင်နှုန်း ၂၀ ဖြစ်သဖြင့် ကျပ် ၄၆၀၀၀ (ခန့်မှန်းဈေးကွက် ပေါက်ဈေးအရ) ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ယင်းကြောင့် သတင်းပေး တိုင်ကြားသူ အနေဖြင့် ရရှိမည့် ဆုကြေးငွေမှာ အရက် ၁၀ ပီပါဆိုပါက ဆုကြေးငွေ ကျပ် ၄၆၀၀၀၀ (လေးသိန်းခြောက်သောင်း) ရရှိမည်ဖြစ်ပြီး အရက် ၁၀၀ ပီပါအတွက်ဆိုပါက ကျပ် ၄၆၀၀၀၀၀ (လေးဆယ့်ခြောက်သိန်း) ရရှိမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

အလားတူ အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသည့် အရက်တစ်ပုလင်း (တစ်လီတာ) ၏ ဒဏ်ကြေးငွေမှာ (ခန့်မှန်းဈေးကွက် ပေါက်ဈေးအရ) ကျပ်ငါးထောင် ဖြစ်ကြောင်း၊ ယင်းကြောင့် တိုင်ကြားသူရရှိမည့် ဆုကြေးငွေမှာ တစ်ထောင်ကျပ် ဖြစ်ကြောင်း၊ ထိုနည်းတူ ၂၄ လုံးပါ အရက်သေတ္တာ တစ်လုံးအတွက် ရရှိမည့် ဆုကြေးငွေမှာ ကျပ် ၂၄၀၀၀ (နှစ်သောင်းလေးထောင်) ဖြစ်ကြောင်း၊ ခန့်မှန်းအားဖြင့် အရက်သေတ္တာ အလုံး ၂၀၀ ပါရှိမည့် ခြောက်ဘီးကား တစ်စီးစာအတွက် ရရှိမည့် ဆုကြေးငွေမှာ ကျပ် ၄၈၀၀၀၀၀ (လေး ဆယ့်ရှစ်သိန်း) ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာထားသည်။

ထို့ကြောင့် သတင်းပေးတိုင်ကြားသူ ရရှိမည့် ဆုကြေးငွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုထားသည့်အပြင် သတင်းပေးသူကို ဥပဒေအရ လျှို့ဝှက်ထားရှိမည်ဖြစ်ပြီး ထုတ်ဖော်ကြေညာခြင်း မပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment