Pages

Thursday, May 23, 2019

ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat Stroke ကြောင့် ဆေးရုံတက်ရောက်ကုသရသူ ၁၁၂ ဦးရှိပြီး ၁၁ ဦး သေဆုံး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများတွင် အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat Stroke ကြောင့် ဆေးရုံတက်ရောက်ကုသရသူ ၁၁၂ ဦးနှင့် သေဆုံးလူနာ ၁၁ ဦး ရှိခဲ့ကြောင်း ကုသရေးဦးစီးဌာန(နေပြည်တော်)မှ ရရှိသည့် အချက်အလက်များအရ သိရသည်။ “တစ်နိုင်ငံလုံးမှာ ဗဟိုအဆင့် ဆေးရုံ ၃၈ ရုံရှိတယ်။ အဲဒီအထဲကမှ ရန်ကုန်၊ မန္တလေးအပါအဝင် ဗဟိုအဆင့် ဆေးရုံကိုးရုံမှာ တက်ရောက်ကုသခဲ့သူဦးရေက ၁၁၂ ဦးရှိခဲ့ပြီး သေဆုံးလူနာ ၁၁ ဦးရှိခဲ့ပါတယ်။ ရန်ကုန်မှာဆိုရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေရောဂါကုဆေးရုံကြီး၊ သင်္ဃ္န်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးတွေ ပါပါတယ်” ဟု ကုသရေးဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။



ရာသီဥတုပူပြင်းခြင်းကြောင့် အသက်လေးနှစ်အောက်ကလေးများနှင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့်မေ့လဲခြင်း Heat Syncope၊ အပူဒဏ်ကြောင့် မိတ်နှင့် ယားနာများထွက်ခြင်း Heatrashes/ Prickly Heat၊ အပူကြောင့် ခြေလက်ရောင်ရမ်းခြင်း Heat Edema၊ အပူကြောင့် ကြွက်တက်ခြင်း Heat Cramps၊ အပူကြောင့် အားအင်ကုန်ခမ်းချည့်နဲ့ခြင်း Heat Exhaustion နှင့် အပူကြောင့်သတိလစ်ခြင်း Heat Stroke စသည်တို့ ဖြစ်ပွားနိုင်ကြောင်း သိရသည်။


အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat Syncope သည် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများတွင် အပြင်းထန်ဆုံးဖြစ်ပြီး သေချာစွာဆေးကုသမှုမခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်းနှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားပါက ခန္ဓာကိုယ်အပူချိန် Core (Rectal) Temperature ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက် မြင့်တက်ပြီး အရေပြားပူ၍ ခြောက်သွေ့ခြင်းနှင့် ဦးနှောက်နှင့် အာရုံကြောစနစ်ထိခိုက်သည့် လက္ခဏာများ (ဥပမာ- တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း)တို့ ပူးတွဲဖြစ်ပေါ်လာကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် အယ်နီညိုဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၃၅ မြို့တွင် စံချိန်တင် ပူပြင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် အပူဒဏ်ကြောင့် သတိလစ်ခြင်း Heat Stroke ကြောင့်လူနာ ၅၅ ဦး ဆေးကုသမှုခံယူခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း လူနာ ၁၅ ဦးဖြစ်ပွားမှုရှိခဲ့ကြောင်း နေပြည်တော် ကုသရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

လူအများတွင် Heat Stroke အန္တရာယ်ရှိလာပါက ကုသပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဗဟိုအဆင့်ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံပေါင်း ၈၃ ရုံခန့်ရှိပြီး ဗဟိုအဆင့်ဆေးရုံ ၁၈ ရုံ၊ တိုင်းဒေသကြီးအဆင့် ဆေးရုံ ၂၈ ရုံနှင့် တိုက်နယ်ဆေးရုံ ၃၇ ရုံတွင် ပြင်ဆင်မှုများ ပြုလုပ်ကြောင်းသိရသည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့သည့်နှစ်မှ စ၍ နောက်ပိုင်းနွေကာလများ၌ ယခင်နှစ်များနှင့်မတူ အပူချိန်မြင့်တက်မှုကို သိသိသာသာ ခံစားခဲ့ကြရပြီး နှစ်စဉ်အပူချိန် ဆက်တိုက်မြင့်တက်မှုများနှင့်အတူ အပူကြောင့် ဖြစ်တတ်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ၊ ရေရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို နှစ်တိုင်းနီးပါး ခံစားနေကြရသည်။

“မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ” အစီရင်ခံစာတွင် ၂၁ ရာစု တစ်ဝက်သို့ ရောက်ရှိသည့်အခါ နိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်သည် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာပြီး အလွန်အကျွံပူသည့် နေ့ရက်များ ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသည် တစ်လလျှင် အလွန်အကျွံပူသည့်နေ့ရက် တစ်ရက်ခန့်ရှိခဲ့ကြောင်းနှင့် နောင် ၁၀ နှစ်ကြာသည့်အခါတွင်မူ မြန်မာနိုင်ငံသည် အလွန်အကျွံပူသည့်နေ့ရက်များ တစ်ပတ်လျှင်  တစ်ကြိမ် သို့မဟုတ် တစ်ရက်ခြား တစ်ခါ ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း  ဖော်ပြထားသည်။

No comments:

Post a Comment