Pages

Wednesday, May 22, 2019

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအား အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက်သက်သာသော အရေပြားထဲသို့ ထိုးနှံခြင်း (Intradermal) ကို ပြည်သူ့ဆေးရုံကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမည်

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ကြွက်သားထဲသို့ထိုးနှံခြင်း (intramuscular) အစား ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိအမှတ်ပြုထားသည့် အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက် သက်သာသော အရေပြားထဲသို့ ထိုးနှံခြင်း (intradermal) ကိုပြည်သူ့ဆေးရုံကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။



“လက်ရှိ မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရတဲ့ အရေအတွက်က တစ်စထက်တစ်စများ ပြားလာနေပါတယ်။ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်တုန်းက ခွေးကိုက်ခံရတဲ့ သူဦးရေ တစ်သိန်းကိုးသောင်းကျော်ရှိနေ ပါတယ်။ ဝန်ကြီးဌာန အနေနဲ့လည်း နှစ်အလိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနဲ့ ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်းတွေ ဝယ် ယူပါတယ်။ ယခုဘဏ္ဍာနှစ်မှာ ကျပ်ငွေ ငါးဘီလျံကျော် သုံးစွဲဝယ်ယူထားပါတယ်။ ဒီလို ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တာကြောင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုအရေ အတွက်ကသိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

လက်ရှိ ခွေးကိုက်ခံရသည့် လူနာများကို ပြုစုကုသရေးဌာန (Dog-Bite Centre) များဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လိုအပ်သည့်နေရာ၊ ဝန်ထမ်းအင်အား၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများနှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိန်းသိမ်းထားရန် ရေခဲသေတ္တာများ ပြင်ဆင်ထားပြီး ကျန်းမာရေး ဝန်ထမ်းများအား မွမ်းမံသင်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဧပြီလအတွင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ‘ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာန (Dog-Bite Centre) များဖွင့်လှစ်နိုင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ခွေးကိုက်ခံရသည့် လူနာများကို ပိုမိုစနစ်ကျစွာဖြင့် အထူးသဖြင့် ဆေးအလေအလွင့် နည်းပါးစွာ ကုသမှုပေးနိုင်ရန် (Dog-Bite Centre) များ ဖွင့်လှစ်နိုင်ရေးအတွက် ဖေဖော်ဝါရီလအတွင်းက ပထမအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီး မတ်လအတွင်း သီရိလင်္ကာနိုင်ငံတွင် (Dog-Bite Centre) ဖွင့်လှစ်ဆောင်ရွက်နေမှုအား သွားရောက် လေ့လာခဲ့ကြောင်းနှင့် ပြည်တွင်းရှိ ဆေးရုံများသို့လည်း ကွင်းဆင်းလေ့လာခဲ့ကြောင်း အဆိုပါ အစည်းအဝေးတွင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောကြားသည်။

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ကြွက်သားထဲသို့ ထိုးသွင်းခြင်း (intramuscular) အစား ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အသိအမှတ်ပြုထားသည့် အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက် သက်သာသော အရေပြားထဲသို့ ထိုးနှံခြင်း (intradermal) ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါဆိုင်ရာ ဘက်စုံခြုံငုံသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခွေးရူးပြန်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ထံမှ အကြံဉာဏ်များ ရယူသွားမည် ဖြစ်ကြောင်း သိရသည်။

Dog-Bite Centre များ ဖွင့်လှစ်ခြင်းဖြင့် လူနာများအား ပိုမိုစနစ်ကျ ထိရောက်စွာ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ဆေးအလေအလွင့် ဖြစ်မှုကိုလည်း များစွာလျှော့ချနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ စင်တာများကို ရန်ကုန်တိုင်း ဒေသကြီးတွင်သာမက မန္တလေးတိုင်း ဒေသကြီးတွင်ပါ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြားတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ပါ ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။

ထို့ပြင် ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းရေး လမ်းညွှန်စာအုပ်များကို ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော WHO technical report series မှ WHO expert consultation on Rabies နှင့်ကိုက်ညီပြီး ခေတ်နှင့်အညီ ဖြစ်စေရန် အမြန်ဆုံး မွမ်းမံထုတ်ဝေ သွားမည်ဖြစ်သည်။

No comments:

Post a Comment