Pages

Thursday, May 30, 2019

YBS ယာဉ်မောင်းများကို တိုင်ကြားမှုများနှင့် ပတ်သက်၍ လွယ်လင့်တကူ စိစစ်နိုင်ရန်အတွက် ယာဉ်မောင်းများအား Smart Card ထုတ်ပေးမည်ဟုဆို

YBS ယာဉ်မောင်းများကို တိုင်ကြားမှုများနှင့် ပတ်သက်ပြီး လွယ်လင့်တကူ စိစစ်နိုင်ရန်အတွက် ယာဉ်မောင်းများကို Smart Card ထုတ်ပေးသွားမည် ဖြစ်ကြောင်း မေ ၂၉ ရက်တွင် YRTA ရုံး၌ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် YRTA မှ မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောကြားသည်။ “YBS စနစ်ကိုချိတ်ဆက် ဆောင်ရွက်နိုင်မဲ့ ကဏ္ဍဍတစ်ခုကို တိုးချဲ့ဆောင်ရွက် ထားတာရှိတယ်။ ဒါကတော့ Smart Card ဖြစ်ပါတယ်။ QR Code တွေပါမယ်။ Bar Code တွေပါမယ်။ YBS ကားလိုင်းတွေမှာ မောင်းနှင်နေကြတဲ့ ယာဉ်မောင်းတွေကို ဒီ Smart Card ထုတ်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ညီညီမော်က ပြောကြားသည်။



အဆိုပါ Smart Card များသည် ယာဉ်မောင်းများတင်မကဘဲ YBS စနစ် တစ်ခုလုံးအတွက် အရေးပါကြောင်း၊ Smart Card ပြုလုပ်ရခြင်းသည် YBS တွင် မောင်းနှင်နေသည့် ယာဉ်မောင်းများ၏ အချက်အလက်များအားလုံး YRTA တွင်ရှိကြောင်း၊ ယာဉ်မောင်းများနှင့် ပတ်သက်ပြီး တိုင်ကြားသည့်ကိစ္စများ၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းများကို ထုတ်ပယ်သည့် ကိစ္စရပ်များကို စိစစ်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်သွားမည်ဖြစ်ကြောင်း ဦးအောင်ညီညီမော်က ပြောကြားသည်။


“ဘာကြောင့် ဒီအချက်အလက်တွေကို ထိန်းထားရသလဲဆိုရင် YBS ကုမ္ပဏီတွေနဲ့ ယာဉ်မောင်းတွေနဲ့ ကတောက်ကဆတ် ဖြစ်တာတွေရှိတယ်။ ယာဉ်မောင်းတွေဘက်က ပြန်လည်တင်ပြတာမျိုး တွေရှိတယ်။ ယာဉ်မောင်းတွေကို ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံနိုင်အောင် Smart Card ကို ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ညီညီမော်က ပြောကြားသည်။

ထို့ပြင် ယာဉ်မောင်းများ၏ အချက်အလက်သည် မည်သည့်ကုမ္ပဏီ၌ ယာဉ်မောင်းခဲ့သနည်း၊ ပြောင်းရွှေ့သည့် ကုမ္ပဏီနှင့် လုပ်ငန်းလုပ်ကိုင်သည့် သက်တမ်းများကိုလည်း လွယ်လင့်တကူ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်မောင်းတွေရဲ့ အမူအကျင့်ကိုလည်း ပိုမိုပြီးတော့ ကောင်းမွန်တဲ့ သတင်းအချက်အလက် ရရှိမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း လွယ်လင့်တကူ တွေ့ဆုံဆွေးနွေး နိုင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ညီညီမော်က ပြောကြားသည်။

“ကျွန်တော်တို့လည်း သူများလို ဖွံ့ဖြိုးတိုးတက်အောင် သွားရမယ်။ မထသလို လိုက်လုပ်လို့မရဘူး။ နည်းပညာနဲ့ ယာဉ်မောင်းတွေကို ထိန်းသိမ်းတာရှိတယ်။ ကားတွေကို ထိန်းသိမ်းတာရှိတယ်။ ပြေးဆွဲမှုတွေကို ထိန်းသိမ်းတာရှိတယ်။ ကားတွေကို ဘယ်လိုထိန်းချုပ်မလဲ။ သတင်းအချက်အလက်တွေ အားလုံးကို နည်းပညာတွေနဲ့ တည်ဆောက်မယ်။ နည်းပညာတွေနဲ့ ဖြန့်ဝေမယ်။ ကျွန်တော်တို့လည်း အဲဒီနည်းစနစ်ကို ကူးပြောင်းမယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

No comments:

Post a Comment