Pages

Wednesday, May 8, 2019

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းသည့်အချိန်အထိ ဓာတ်အားစနစ်တည်ငြိမ်စေရန် ထုတ်လုပ်မှုကို ချွေတာထိန်းညှိသွားမည်ဟု YESC အသိပေးကြေညာ

မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းသည့်အချိန်အထိ ဓာတ်အားစနစ်တည်ငြိမ်စေရန် ထုတ်လုပ်မှုကို ချွေတာထိန်းညှိသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာချက်ထုတ်ပြန်သည်။ အပူချိန်ပိုမိုမြင့်တက်ခဲ့သော ယခုနှစ် နွေရာသီကာလတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေစဉ်အတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် မိုးမရွာသွန်းမီ အချိန်ကာလအထိ ဝန်အားလျှော့ထိန်းညှိခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည့် အခြေအနေကို အများပြည်သူထံသို့ အသိပေးကြေညာထားခဲ့ပြီးဖြစ်သည်။



ယခုရက်ပိုင်းအတွင်း ၂၀၁၉ ခုနှစ် မေ ၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မိုးစတင်ရွာသွန်းခဲ့သော်လည်း ရေအားလျှပ်စစ်စက်ရုံများတည်ရှိရာ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှုမရှိသေးသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်သည့် ဆည်တမံများတွင် ရေများလျော့နည်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းသည့် အချိန်ကာလအထိ ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ် စက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ချွေတာ ထိန်းညှိပေးထားရမည်ဖြစ်သည် ဟု YESC က ဆိုသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ယခုကာလအတွင်း နေ့ရက်၊ နာရီစဉ်အလိုက် အလှည့်ကျဝန်အား လျှော့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များတွင် နေ့ရက်၊ နာရီစဉ်အလိုက် အလှည့်ကျ ဝန်အားလျှော့ချရာတွင် အများပြည်သူ မီးသုံးသူရပ်ကွက် နေရာများအား အများပြည်သူအုပ်စု (A,B,C,D) အုပ်စု (၄) အုပ်စုခွဲကာ ဝန်အားလျှော့ချမှု တစ်ကြိမ်လျှင် ကြာမြင့်ချိန် နှစ်နာရီခန့်ကြာ မြင့်ကြောင်း သိရသည်။ အုပ်စုအလိုက် ဝန်အားလျှော့ချရမည့် အကြိမ်ရေသည် နေ့ရက်အလိုက် တစ်ရက်လျှင် အများဆုံးသုံးကြိမ်မှ အနည်းဆုံး နှစ်ကြိမ်အထိ ရှိနိုင်မည်ဖြစ်သည်။

စက်မှုဇုန်နေရာများအား ဇုန်အုပ်စု (ဇ) အုပ်စုအဖြစ် နေ့စဉ် ညနေလေးနာရီ မှ ည ၁၀ နာရီ အချိန်အထိ ဝန်အားလျှော့ချ လျက်ရှိသည်။ ထို့ပြင် ပင်မဓာတ်အားလိုင်းများအပြစ်ဖြစ်၍ ဓာတ်အားပြတ်တောက်ခြင်းနှင့် ဓာတ်အားထုတ်စက်များ ချွတ်ယွင်းသဖြင့် ဓာတ်အားသုံးစွဲမှု လျှော့ချရခြင်းများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ နေ့ရက်၊ နာရီစဉ်အလိုက်ဝန်အား လျှော့ချမည့် အစီအစဉ်များကို အများပြည်သူမီးသုံးသူများ သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများ၏ Facebook စာမျက်နှာများပေါ်တွင် အသိပေးတင်ပြပေးထားကြောင်း YESC က ထုတ်ပြန်ထားသည်။

No comments:

Post a Comment